BREAKING
January 22, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

December 6, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့အထိ

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်း လေဆိပ် ၁၅ ခုပျက်စီး

ရုရှားနိုင်ငံရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရဲ့ လေဆိပ် ၁၅ ခုအထိ ထိခိုက်ခဲ့ရတယ်လို့ ယူကရိန်းဘက်က ပြောဆိုလိုက်ပါတယ်။

ယူကရိန်းမှာ ပြည်သူတွေအတွက် အသုံးပြုနေတဲ့ လေဆိပ်အနည်းငယ်ပဲ ရှိတာပါ။

ပျက်စီးခဲ့ရတဲ့ လေဆိပ်တွေကို အနည်းအကျဉ်း ဖွင့်လှစ်နိုင်မယ့် လမ်းကြောင်းတွေကို ရှာဖွေနေတယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။

ရုရှား ကျူးကျော်စစ် စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ဒီလေဆိပ်တွေကို လုံးဝ ပိတ်ထားရတယ်လို့ ဆိုတာပါ။

ယူကရိန်းနိုင်ငံသားတွေကတော့ လေယာဥ်နဲ့ ခရီးသွားဖို့ဆိုရင် အိမ်နီးချင်းနိုင်ငံတွေက လေဆိပ်တွေကို ရထား နဲ့ကားတွေစီးပြီး တဆင့်ခံ သွားစီးနေကြရတာ ဖြစ်ပါတယ်။

Ref: REUTERS

………………………………..

ဆီးရီးယား အကြီးဆုံးမြို့ကို လက်နက်ကိုင်တွေ သိမ်းပိုက်

ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အယ်လယ်ပိုရဲ့ နေရာတော်တော်များများကို လက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်လိုက်ပါတယ်။

Hayat Tahrir al-Sham (HTS) အဖွဲ့ဦးဆောင်တဲ့ လက်နက်ကိုင်တွေက လေဆိပ်ကို ထိန်းချုပ်လိုက်ပြီး မြို့ကို ထိုးစစ်ဆင်ခဲ့တာပါ။

အယ်လယ်ပိုလေဆိပ်ကို သိမ်းပိုက်နိုင်တာက ဆီးရီးယား လက်နက်ကိုင်တွေ နိုင်ငံတကာလေဆိပ်ကို ပထမဆုံး ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။

ဆီးရီးယားသမ္မတကတော့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ အချုပ်အခြာအာဏာအတွက် အကြမ်းဖက်သမားတွေနဲ့ ထောက်ခံသူတွေကို အနိုင်တိုက်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: The Guardian

………………………………..

သားဖြစ်သူကို အမေရိကန် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး

ရာဇဝတ်မှုတွေအတွက် ထောင်ချခံနိုင်ရတဲ့ သားဖြစ်သူ ဟတ်တာ ဘိုင်ဒန်ကို သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၁ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

သားဖြစ်သူက အစိုးရကို အခွန်ပေးဖို့ ပျက်ကွက်မှုတွေ တရားမဝင် သေနတ်ကိုင်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အပြစ်ရှိမရှိ စစ်ဆေးနေတာပါ။

ဒီအမှုအတွက် တရားသူကြီးတွေက စီရင်ချက် ချဖို့ ရှိနေတဲ့အချိန် ဖြစ်ပါတယ်။

လာမည့် ၂၀၂၅ ဇန်နဝါရီလမှာ သမ္မတအာဏာ လွှဲပေးခါနီး သားဖြစ်သူကို လွတ်ငြိမ်းပေးလိုက်တာ ဖြစ်ပါတယ်။

သမ္မတကတော့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်သူတွေ နားလည်လိမ့်မယ် မျှော်လင့်တယ်လို့ ဆိုပါတယ်။

Ref: CNN

………………………………..

ဂျာမနီက ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၆၈၀ ပေးမယ်လို့ဆို

ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၆၈၀ ထောက်ပံ့ကူညီပေးမယ်လို့ ဂျာမနီဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့က ယူကရိန်းကို ရောက်လာတဲ့အချိန်မှာ သူ့ရဲ့ကတိတွေကို သက်သေပြဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဂျာမနီကနေ စစ်လက်နက်ပစ္စည်းအသစ်တွေကို ဒီဇင်ဘာလထဲ ယူကရိန်းကို ပို့ဖို့ စီစဉ်ထားတာပါ။

အမေရိကန်မှာ ဇန်နဝါရီလထဲ အစိုးရအသစ် အပြောင်းအလဲ ဖြစ်လာတော့မယ်အချိန် ဂျာမနီဝန်ကြီးချုပ်ရဲ့ ကျူးကျော်စစ်ထဲ ဒုတိယအကြိမ်မြောက် ခရီးစဉ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

အတိုက်အခံတွေနဲ့ ညှိနှိုင်းစရာမရှိလို့ ဂျော်ဂျီယာဝန်ကြီးချုပ်ဆို

ဂျော်ဂျီယာနိုင်ငံမှာ ဥရောပသမဂ္ဂ ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့အချိန်မှာ အတိုက်အခံဆန္ဒပြသူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှာမဟုတ်ဘူးလို့ ဂျော်ဂျီယာ ဝန်ကြီးချုပ်က ဆိုပါတယ်။

ဂျော်ဂျီယာနိုင်ငံက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ဆွေးနွေးမယ့် အစီအစဉ်တွေကို အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်တာပါ။

အစိုးရရဲ့ဆုံးဖြတ်ချက်ကြောင့် လမ်းပေါ် ဆန္ဒပြမှုတွေ ရက်ဆက်ဖြစ်လာခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရ ဂျော်ဂျီယာအိပ်မက်ပါတီက အနိုင်ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မသမာမှုတွေရှိနေတယ်ဆိုပြီး အတိုက်အခံအမတ်တွေက လွှတ်တော်ကို သပိတ်မှောက်မယ့်အခြေအနေ ဖြစ်နေတာပါ။

ဒီအချိန်မှာ ဝန်ကြီးချုပ်က အီးယူအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုတွေကို ရုပ်သိမ်းတယ်ဆိုပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ လမ်းပေါ် ဆန္ဒပြမှုတွေကြောင့် ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။

Ref: France 24

………………………………..

အစ္စရေး-လက်ဘနွန် အပစ်ရပ်စဲမှု အသက်ဝင်နေဆဲလို့ အမေရိကန်ဆို

အစ္စရေး-လက်ဘနွန် အပစ်ရပ်ရေး သဘောတူညီချက်က ဆက်လက်အသက်ဝင်နေဆဲဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြောပါတယ်။

အပစ်ရပ်စဲရေး သဘောတူညီချက်လုပ်ထားပေမဲ့ ပြီးခဲ့တဲ့အပတ်တည်းက အချင်းချင်း တိုက်ခိုက်မှုတွေက ဆက်ရှိနေဆဲပါ။

ဒါကို နှစ်နိုင်ငံစလုံးကို အချင်းချင်း အပြစ်ပုံချနေတာဖြစ်ပါတယ်။

သဘောတူညီချက်အရ နှစ်ဘက် စစ်တပ်တွေကို ပြန်လည် ရုပ်သိမ်းရမှာဖြစ်ပါတယ်။

ကြားခံနယ်မြေကိုတော့ လက်ဘနွန်စစ်တပ်နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေက တာဝန်ယူရမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးက အပစ်ရပ်ရေးကို လိုလားကြပြီး သဘောတူညီချက်ကို လိုက်နာအောင် လုပ်ကြရမှာဖြစ်တယ်လို့ အန်တိုနီက ဆိုပါတယ်။

Ref: AA

………………………………..

အစ္စရေးလေကြောင်းတိုက်ခိုက်မှု ဂါဇာစစ်ဘေးဒုက္ခသည် တဲပေါ်ကျ၊ အနည်းဆုံး လူ ၂၁ ဦးသေဆုံး

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုက ဂါဇာတောင်ပိုင်း စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ တဲတစ်လုံးကို ထိမှန်ခဲ့လို့ လူ ၂၁ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

အစ္စရေးက ဂါဇာမှာရှိတဲ့ပစ်မှတ်တွေကို ဒီဇင်ဘာ ၄ ရက်နေ့က ထပ်မံတိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် လူ ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အစ္စရေးကတော့တိုက်ခိုက်မှုထဲ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတဲ့ အကြီးတန်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းတွေကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြတ်တောက်ကုန်ပြီး ဆိုးဆိုးရွားရွား မီးလောင်ခံရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

Ref: AP

………………………………..

ဂျပန်ရိုးရာ ဆာကေးအရက် ယူနက်စကိုအမွေအနှစ်အဖြစ် သတ်မှတ်ခံရ

ဂျပန်နိုင်ငံရဲ့ ရိုးရာ ဆာကေးဆန်အရက်ကို UNESCO ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဒီဇင်ဘာလ ၄ ရက်နေ့က သတ်မှတ်လိုက်ပါတယ်။

ဆန်ကနေထုတ်လုပ်တဲ့ ဂျပန်နိုင်ငံရဲ့ အရက်ဟာ ဂျပန်နိုင်ငံရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင်တွေမှာ အဓိက ပါလေ့ရှိပါတယ်။

ဆာကေးဟာ ဂျပန်ရိုးရာဟင်းလျာတွေမှာလည်း အဓိကပါဝင်သုံးပြုနေပါသေးတယ်။

ဂျပန်နိုင်ငံရဲ့ ဆာကေးအရက်အဖြစ်နဲ့ သတ်မှတ်ခံရဖို့အတွက်ဆိုရင် ဆန်က ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ ဆန်ဖြစ်ရမှာဖြစ်ပါတယ်။

ဆာကေးအရက်နဲ့အတူ ဘရာဇီးနိုင်ငံက အဖြူရောင်ဒိန်ခဲ၊ ကာရစ်ဘီယန်ဒေသရဲ့ Cassava ပေါင်မုန့် နဲ့ ပါလက်စတိုင်းတွေရဲ့ သံလွင်ဆီ ဆပ်ပြာတွေလည်း သတ်မှတ်ခံရပါတယ်။

Ref: AP

………………………………..

ဂျပန်တွင် အမျိုးသားတစ်ဦး အခြားသူအိမ်မှာ ငါးနှစ်ကြာ လိုက်အိပ်ခဲ့

ဂျပန်အမျိုးသားတစ်ဦးက လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး ငွေမကုန်ပဲ အခြားသူတွေရဲ့ အိမ်တွေမှာ အိပ်စက်ခွင့် ရခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဂျပန်အမျိုးသား ရှူရက်အီရှီဒါဟာ အလုပ်က ထွက်ပြီးနောက် ပိုင်ဆိုင်မှုအားလုံးနီးပါး ရောင်းချခဲ့တာပါ။

သူက နေ့ဘက်အချိန်တွေဆိုရင် ကျွန်တော့်ကို တစ်ညတာ အိပ်စက်ခွင့်ပေးပါ ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး လူစည်ကားတဲ့ နေရာတွေမှာ မတ်တပ်ရပ်နေလေ့ရှိပါတယ်။

တစ်ကိုယ်တည်း အထီးကျန်နေသူတွေ စကားပြောဖော်လိုနေသူတွေက သူ့ကို လိုက်အိပ်စက်ခွင့်ပေးလေ့ရှိပါတယ်။

အချို့ဆို ခေါ်အိပ်ရများလို့ သူငယ်ချင်းတောင် ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်တော့ သူက ကျော်ကြားသူတစ်ယောက် ဖြစ်လာခဲ့ပြီး တချို့ဆိုရင် အီရှီဒါကို သူတို့အိမ် လာအိပ်ဖို့ ဖိတ်ခေါ်ကြတဲ့အထိ ဖြစ်လာနေပါတယ်။

Ref: Oddity Central

………………………………..