BREAKING
January 22, 2025

သက်တမ်းတိုးမည့် မြန်မာလုပ်သားများထံမှ အခွန်မကောက်တော့ဟု မြန်မာသံရုံးထုတ်ပြန်

December 6, 2024

ပုံစာ - ယခုနှစ် ဖေဖော်ဝါရီလက CI စာအုပ်ပြုလုပ်နေသော မြန်မာလုပ်သားများ

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးမည့် ထိုင်းရောက်မြန်မာအလုပ်သမားများထံမှ အခွန်ကောက်ခံတော့မည်မဟုတ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက ယနေ့ထုတ်ပြန်လိုက်သည်။

ထို့ကြောင့် သက်တမ်းတိုးမည့် မြန်မာအလုပ်သမား နှစ်သန်းကျော်ထံက ဝင်ငွေခွန် ဘတ်သန်း ၅၀၀၀ ခန့် ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့သော မြန်မာသံရုံး၏ အစီအစဉ် နောက်တစ်မျိုး ပြောင်းသွားပြီဖြစ်သည်။

အလုပ်သမားများ၏ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း (တစ်လ ဘတ် ၁၅၀ နှုန်း) ကို အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးချိန်တွင် ကောက်ခံတော့မည်မဟုတ်ဘဲ နိုင်ငံကူးလက်မှတ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးချိန်မှသာ ကောက်ခံတော့မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

စာအုပ်သက်တမ်းတိုးချိန်မှသာ ဘန်ကောက်ဘဏ်နှင့် 7-Eleven စတိုးဆိုင်များတွင် တိုက်ရိုက်ငွေသွင်းရမည်ဖြစ်ပြီး ငွေသွင်းထားသော ပြေစာများပြသကာ စာအုပ်သက်တမ်းတိုးရမည်ဖြစ်ကြောင်း ရေးသားထားသည်။

နောက်ထပ် မြန်မာသံရုံးသို့ စလစ်ကြေး ဘတ် ၁၈၀၀ ပေးဆောင်ရမည်ဟု အကျိုးဆောင်များက လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာထားသည်မှာလည်း မဟုတ်မှန်ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

ယင်းအမည်စာရင်း တင်သွင်းရန် ပေးဆောင်ရမည့် စလစ်ကြေး ဘတ် ၁၈၀၀ ကို သံရုံးက ကောက်ခံခြင်းမရှိကြောင်း ရေးသားထားသည်။

သက်တမ်းကုန်မည့် CI စာအုပ်များကို သက်တမ်းတိုးပေးနိုင်ရေးကိုလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် CI စာအုပ်ပျောက်ဆုံးသူများ၊ CI စာအုပ်သက်တမ်းကုန်ဆုံးသူများအား CI စာအုပ်သို့ တိုက်ရိုက် လဲလှယ်ခွင့်မပေးထားသေးပဲ နိုင်ငံကူးလက်မှတ်စာအုပ်သို့ ပြောင်းလဲလျှောက်ထားခွင့် ပြုနေသည်။

သို့သော် မှတ်ပုံတင်မရှိသေးသော မြန်မာအလုပ်သမားများနှင့် နိုင်ငံရေးအခြေအနေအရ ပြည်တွင်းပြန်ရန် မဖြစ်နိုင်သူများက CI စာအုပ်ကိုသာ သက်တမ်းတိုးပေးရန် လိုလားနေကြကြောင်း အလုပ်သမားများထံမှ သိရသည်။

Work Permit သက်တမ်းကုန်ဆုံးမည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို MoU လုပ်ငန်းစဉ်အရ သက်တမ်းတိုးရန် ထိုင်းအစိုးရက ပြီးခဲ့သော စက်တင်ဘာလကတည်းက ထုတ်ပြန်ထားသည်။

MoU လုပ်ငန်းစဉ်အရ မြန်မာသံရုံးထံသို့ မြန်မာအလုပ်သမားများ၏ အချက်အလက်များ ပေးရမည့်အပြင် အခွန်လည်း ပေးဆောင်ရမည်ဖြစ်သဖြင့် ထိုင်းလုပ်ငန်းရှင်များနှင့် အလုပ်သမားအဖွဲ့အစည်းများက ကန့်ကွက်နေကြခြင်းဖြစ်သည်။