BREAKING
January 22, 2025

ထိုင်းနယ်စပ် ကြားခံလမ်းကြောင်းသုံး၍ စစ်ကောင်စီ တပ်စခန်းများကို စစ်ကူပို့

December 6, 2024

Photo - Transborder News ပုံစာ - နယ်စပ်ဖြတ်ကျော်ရန် စောင့်နေကြသော စစ်ကောင်စီတပ်သားများ

စစ်ကောင်စီတပ်က နယ်စပ်တစ်ကြောရှိ တပ်စခန်းများကို စစ်ကူပို့ရာတွင် ထိုင်းနိုင်ငံကို ကြားခံလမ်းကြောင်းသုံး၍ စစ်ကူပို့ပေးနေကြောင်း ထိုင်းနယ်စပ်သတင်းက ဖော်ပြထားသည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့စောင်ယမ်ဒေသ မယ်သဝေါရွာအနီးတွင် စစ်ကောင်စီစစ်သား ၁၄ ဦး ရွာအတွင်း ဝင်လာသည်ကို မြင်လိုက်ကြောင်း ထိုင်းရွာသားများက ဆိုသည်။

၎င်းတို့ကို ပစ်ကပ်ကားတစ်စီးက လာခေါ်ခဲ့ပြီး မည်သည့်နေရာသို့ ပို့ဆောင်ကြသည်ကိုမူ ရွာသားများ မသိကြကြောင်း ပြောသည်။

စစ်ကောင်စီစစ်သားများ ဝင်လာသော မယ်သဝေါရွာသည် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသော မြန်မာပြည်ဘက်ခြမ်းနှင့် နီးစပ်သောနေရာဖြစ်သည်။

မယ်သဝေါရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများသည် စစ်ကောင်စီအခြေစိုက် ခြေမြန်တပ်ရင်း ၂၈ နှင့် တပ်ရင်း ၃၁ ၏ တပ်သားများဖြစ်ကြကြောင်း မယ်သဝေါ၏ အာဏာပိုင်များက ထိုင်းသတင်းထောက်များကို ဖြေကြားထားသည်။

၎င်းတို့သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က လာရောက်ကြပြီး နယ်စပ်ရှိ စစ်ကောင်စီစစ်သားများကို လစာပေးရန် လာရောက်ကြခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

KNU တပ်ဖွဲ့က စစ်ကောင်စီစစ်သားများ သွားလာခဲ့သော လမ်းကြောင်းများကို စုံစမ်းစစ်ဆေးသောအခါ စစ်ကောင်စီတပ်သားများကို လစာပေးခြင်းထက် နယ်စပ်ရှိ တပ်စခန်းများကို စစ်ကူပို့ပေးနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရခြင်းဖြစ်သည်။

စစ်ကောင်တပ်သားများပါသော ပစ်ကပ်ကားသည် မယ်သဝေါရွာမှ ထွက်လာပြီးနောက် အမှတ် ၁၀၅ လမ်းမကြီးအတိုင်း တောင်ပိုင်းသို့ မောင်းနှင်လာကြောင်း သိရှိရသည်။ သို့သော်လည်း ‌ခေါ်ယူလာသူကိုမူ တိတိကျကျ မသိရကြောင်း ဆိုသည်။

၎င်းတို့သည် ၇ ဦးတစ်စုဖြင့် တပ်စုနှစ်စု ခွဲသွားကြပြီး တစ်စုက ထာ့စောင်ယမ်ဒေသ နော့်ဘိုဝါရွာသို့လည်းကောင်း နောက်တစ်စုက မယ်စလစ်ရွာသို့ ခွဲထွက်သွားကြကြောင်း KNU ဘက်က စုံစမ်းသိရှိရသည်။

နော့်ဘိုဝါနယ်စပ်၏ တဖက်တွင် စစ်ကောင်စီအခြေစိုက် ပူလူတူးစခန်းရှိနေပြီး မယ်စလစ်နယ်စပ်၏ တစ်ဖက်တွင် ခေလောဒေ့စခန်းများ ရှိနေကြကြောင်း KNU ဘက်က ဆိုသည်။

ယင်းရွာများကတဆင့် နယ်စပ်ဖြတ်ကျော်ပြီး စစ်ကောင်စီတပ်စခန်းများထဲ ဝင်သွားကြခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်က စစ်သားများကို လစာပေးရန် ပို့ဆောင်ပေးနေသည်ဟု ထိုင်းအာဏာပိုင်များက ဆိုသော်လည်း စစ်ကောင်စီတပ်သားများ စခန်းအတွင်းဝင်သွားသော အရေအတွက်အတိုင်း ပြန်ထွက်မလာတော့သည်ကို ဆက်တိုက်မြင်တွေ့နေရကြောင်း KNU ဘက်က ပြောသည်။

ယင်းအချက်သည် စစ်ကောင်စီတပ်က လစာပေးခြင်းထက် တပ်စခန်းများကို စစ်ကူပို့ပေးရန် ထိုင်းနယ်စပ်လမ်းကြောင်းကို ရည်ရွယ်ချက်ချက်ရှိရှိ အသုံးပြုနေသည်ကို အတည်ပြုနိုင်ကြောင်း KNU ဘက်က ဆိုသည်။

လက်ရှိတွင် ထိုင်းနယ်စပ်ရှိ ရွာသားများကလည်း စစ်ကောင်စီစစ်သားများ ဝင်ရောက်လာနေသည်ကို စိုးရိမ်နေသကဲ့သို့ မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်လာပြီး နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များ ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။

ထိုင်းနယ်စပ်တစ်လျှောက်ရှိ လမ်းကြောင်းများကို အသုံးပြု၍ စစ်ကောင်စီတပ်က စစ်ကူပို့ဆောင်ပေးနေခြင်းကိုလည်း ထိုင်းရွာသားများကြား ဝေဖန်မှုများ မြင့်တက်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Transborder News