BREAKING
December 22, 2024

ကွမ်းသီးခြောက်ရှားနေ၍ စရံငွေကြိုပေးသည့် အဝယ်ဒိုင်များ

December 6, 2024

ကွမ်းသီးအမှည့် အထွက်နည်းနေသဖြင့် ကွမ်းသီးခြောက်အဝယ်ဒိုင်များက စရံငွေပေးချေပြီး ကြိုတင်ဝယ်ယူမှု များနေကြောင်း ဘုတ်ပြင်းနှင့် ကျွန်းစုမြို့နယ်ရှိ ကွမ်းသီးတောင်သူများထံမှ သိရသည်။

လက်ရှိတွင် ကွမ်းသီးမှည့်သည့်ရာသီဖြစ်ပြီး လာမည့်ဖေဖော်ဝါရီလခန့်တွင် ကွမ်းသီးခြောက် ထွက်တော့မည်ဖြစ်သည်။

ထို့ကြောင့် အဝယ်ဒိုင်များက ကွမ်းသီးခြောက်ဝယ်ရန် ကြိုတင်စရံငွေပေးချေသူများလာသလို ဈေးကောင်းပေးနေကြောင်း တောင်သူအချို့က ပြောသည်။

ကွမ်းခြံ‌များစွာပိုင်ဆိုင်ပြီး ကွမ်းသီးခြောက်အထွက်များသည့် တောင်သူများကို စရံငွေ လိုသလောက်ထုတ်ပေးနေကြောင်း ကွမ်းသီးတောင်သူအချို့က ဆိုသည်။

လက်ရှိတွင် ကွမ်းသီးခြောက် တစ်ပိဿာလျှင် ပျမ်းမျှအားဖြင့် ကျပ် တစ်သောင်းခွဲဝန်းကျင် ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“အရင်ကဆို ကွမ်းသီးဒိုင်တွေမှာ စရံငွေယူဖို့ မျက်နှာတအားငယ်ရတယ်။ အခုကျတော့ ကွမ်းသီးခြောက်လုပ်တဲ့ သူကလည်း နည်းလာတော့ သူတို့ဆီလာ‌ရောင်းဖို့ စရံငွေကြိုထုတ်ပေးနေတယ်” ဟု ကျွန်းစုမြို့နယ်မှ ကွမ်းစိုက်တောင်သူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ကွမ်းသီးနုရာသီချိန် ဈေးကောင်းရသဖြင့်‌ ကွမ်းစိုက်တောင်သူများက ကွမ်းသီးနုကို ရောင်းချကြသည့်အတွက် ကွမ်းသီးမှည့်အထွက်နည်းပါးနေကြောင်း တောင်သူများထံမှ သိရသည်။၏

ပြီးခဲ့သည့် ကွမ်းသီးမှည့်ရာသီက စရံငွေကြိုထုတ်ရန် ခက်ခဲပြီး လက်ရှိတွင်မူ ကွမ်းသီးအဝယ်ဒိုင်များက စရံငွေများကို အပြိုင်အဆိုင် လိုက်ထုတ်ပေး‌နေကြကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ကွမ်းစိုက်တောင်သူတစ်ဦးက ဆိုသည်။

“စရံငွေ ကြိုလိုက်ထုတ်ပေးတယ်ဆိုတာက သူတို့ဆီ (ကွမ်းသီးဒိုင်) မှာ အကုန်ရောင်းပေးဖို့အတွက်ပဲ။ တခြားမှာမရောင်းဘဲ ထွက်သမျှ ကွမ်းသီးခြောက်အကုန် သူတို့ယူမယ်သဘောပါပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဘုတ်ပြင်းမြိုနယ်ရှိ ကျေးရွာများတွင် နယ်မြေမအေးချမ်းသဖြင့် ကွမ်းသီးခြောက်လုပ်သူနည်းပါးလာပြီး ကွမ်းသီးနုနှင့် ကွမ်းသီးမှည့်ကောက်(ခူး)ရောင်းသူ ပိုများလာကြောင်း ဒေသခံများက ပြောဆိုသည်။

ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်အပါအဝင် တိုင်းအတွင်းရှိ မြို့နယ်အားလုံးနီးပါးတွင် ကွမ်းသီးခြံများကို စီးပွားဖြစ်စိုက်ပျိုးထားကြသည်။