ကျွန်းစုမြို့နယ် ပင်လယ်ကျေးရွာအချို့တွင် ဂျင်း ခေါ် သွေးဂုံး မွေးမြူသူအချို့ အရှုံးပေါ်နေကြောင်း ဒေသခံဂျင်းမွေးသူ အချို့ထံမှ သိရသည်။
ပြီးခဲ့သည့်နှစ်က နေအပူရှိန်ပြင်းသည့်အတွက် မွေးထားသည့် ဂျင်းကောင် အများစုသေဆုံးသွားကြောင်း ကော့ကနင်း ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်နှင့်နီးသည့်ကျေးရွာအားလုံးနီးပါးတွင် ဂျင်းမွေးမြူကြပြီး ပင်လယ်ကမ်းစပ်အနီး ရွှံ့နွံပေါသည့် ဒီရေတောစပ်တွင် မွေးမြူလေ့ရှိသည်။
ပြီးခဲ့သည့်နှစ်က ဂျင်းသားပေါက် နှစ်တန် (ကီလိုနှစ်ထောင်) ကို ကျပ်သိန်း ငါးရာဝန်းကျင် ရင်းနှီးမြှုပ်နှံပြီးမွေးမြူခဲ့ရာ ယခုနှစ်ပြန်ကောက် (ဖမ်း) ချိန်တွင် ကျပ်သိန်းနှစ်ရာကျော်သာ ပြန်ရတော့ကြောင်း အထက်ပါအမျိုးသားက ဆိုသည်။
“လာမယ့်နှစ်တော့ ဘယ်သူမွေးမယ် မသိသေးဘူး။ အရင်နှစ်တွေက ရှုံးသမားများလို့” ဟု အဆိုပါအမျိုးသားက ပြောသည်။
ဂျင်းသားပေါက်များကို ဆောင်းရာသီတွင် စတင်မွေးမြူလေ့ရှိပြီး နောက်နှစ်ဆောင်းရာသီတွင် ပြန်လည်ဖမ်းဆီးကာ ရောင်းချလေ့ရှိကြောင်း ဂျင်းမွေးသူအချို့ထံမှ သိရသည်။
ရာသီဥတုအပူချိန်ကြောင့် ၂၀၂၁ ခုနှစ်ခန့်ကစကာ အရှုံးပေါ်လာခြင်းဖြစ်ကြောင်း ဂျင်းမွေးမြူသည့် ဒေသခံအချို့က ဆိုသည်။
ဂျင်း (သွေးဂုံး) မွေးမြူရာတွင် ဒေသခံများက တစ်ပိုင်တစ်နိုင် ရှယ်ယာထည့်ဝင်ပြီး မွေးမြူကြသလို အခြားဒေသနေသူများ ကလည်း လာရောက်မွေးမြူကြကြောင်း ဒေသခံများက ဆိုသည်။
ဂျင်းမွေးမည့် ဧရိယာကို ဝါးလုံး၊ သစ်လုံးများဖြင့် အတားအဆီးလုပ်ကာ မွေးမြူလေ့ရှိပြီး ငရုတ်ကောင်းစေ့အရွယ် ဂျင်းသား ပေါက်တစ်ခြင်း (ဝါလတ်လှေတွင် ငါးထည့်သည့်ခြင်း) လျှင် ငွေကျပ်တစ်သိန်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ဂျင်းမွေးသူအချို့ထံမှ သိရသည်။
“ရာသီဥတုကြောင့် ဂျင်းမွေးတာ မအောင်တာ။ ပူလို့တော့ပြောကြတာပဲ။ တခြားနေရာတွေမှာ မေးကြည့်တာ သူတို့ဆီမှာလည်း ရှုံးတယ်တဲ့” ဟု ဂျင်းမွေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။
ဂျင်းစမွေးချိန်မှ အချိန်တစ်နှစ်ခန့်အကြာတွင် ပြန်လည်ဖမ်းဆီးကာ ရောင်းချလေ့ရှိပြီး ဂျင်းတစ်ကီလိုလျှင် ကျပ်တစ်သောင်း ဝန်းကျင် ပေါက်ဈေးရှိနေသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ ကျော်အနက် နုန်းမြေကောင်းသည့် ရွာအများစုတွင် စီးပွားဖြစ်ဂျင်းမွေးသည့် လုပ်ငန်းအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြသည်။