BREAKING
December 22, 2024

ရက် ၂၀ကြာ ပျောက်နေသည့် ထားဝယ်သီလရှင်ဆရာလေးကို ခေါ်သွားသူက ပြန်အပ်

December 6, 2024

ရက် ၂၀ ကြာ ပျောက်နေသည့် ထားဝယ်သီလရှင်ဆရာလေး မရူပသိင်္ဂီအား ခေါ်ဆောင်သွားသူက ပြန်လာအပ်ကြောင်း အုပ်ထိန်းသူ သီလရှင်ဆရာကြီးက ပြောသည်။

သီလရှင်ဆရာလေး မရူပသိင်္ဂီကို ခေါ်ဆောင်သွားသည့် လှိုင်မြို့နယ်တွင် နေထိုင်သူအမျိုးသမီးက ဒီဇင်ဘာလ ၅ ရက် ည‌ပိုင်းတွင် ပြန်လည်အပ်နှံခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဖုန်းရ‌တော့ ညကိုးနာရီလောက်ပေါ့နော်။ ဒီက အုပ်ထိန်းသူတွေနဲ့ လိုက်သွားတယ်။ ကလေးက သူ့မှာမိဘမရှိဘူးပြောလို့ သူကမွေးစားဖို့ ခေါ်ထားတယ်လို့ပြောတယ်။ သူပြန်ထည့်လိုက်ပါမယ်၊ ရဲလည်းမတိုင်ပါနဲ့လို့ ပြောတယ်” ဟု အထက်ပါ အုပ်ထိန်းသူသီလရှင်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်တွင် ကမာရွတ်မြို့နယ်၊ ရပ်ကွက် (၁) ရထားသံလမ်းအနီး၌ အဖော်သီလရှင်များနှင့်အတူရှိနေချိန် အထက်ပါအမျိုးသမီးက မရူပသိင်္ဂီ တစ်ပါးတည်းကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ခေါ်ဆောင်သွားပြီးနောက် ရက် ၂၀ အကြာတွင် အထက်ပါအမျိုးသမီး နေထိုင်ရာ ရပ်ကွက်သို့ သီလရှင်ဆရာလေး၏ မိဘနှစ်ပါးနှင့် အုပ်ထိန်းသူ သီလရှင်ဆရာကြီးတို့ကို ခေါ်ယူ၍ပြန်လည်အပ်နှံခြင်းဖြစ်သည်။

“လူပျောက်လည်း ကြော်ငြာထားတယ်။ ဂျာနယ်ထဲရော၊ သတင်းတွေမှာ အများကြီးပါနေတယ်ဆို‌တော့ စိုးရိမ်လို့ ပြန်အပ်တယ်လိုမြင်တယ်” ဟု အုပ်ထိန်းသူသီလရှင်ကြီးက ပြောသည်။

သီလရှင်ဆရာလေး မရူပသိင်္ဂီပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး အုပ်ထိန်းသူ သီလရှင်ဆရာကြီးနှင့် မိသားစုဝင်များက လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းနှင့် ကမာရွတ်ရဲစခန်းတို့တွင် အမှုဖွင့်ထားသည်။

“ဒီမနက် ရဲစခန်းသွားပြီး အကျိုးအကြောင်းသွားပြောပြရမှာ။ သူတို့သားသမီး သူတို့ မိဘတွေနဲ့ ပြန်တွေ့တာပဲ စိတ်ထဲ အပူကျသွားပါတယ်” ဟု အုပ်ထိန်းသူသီလရှင်ကြီးက ဆိုသည်။

ခေါ်ဆောင်သွားသည့်အမျိုးသမီးသည် သီလရှင်ဆရာလေး မရူပသိင်္ဂီကို လူဝတ်လဲပေးထားကြောင်း ၎င်းက ပြောသည်။

သီလရှင် မရှုပသိင်္ဂီ (ခေါ်) မလရိပ်ဖြူကို ၎င်း၏ မိဘနှစ်ပါးနှင့်အတူ ထားဝယ်မြို့သို့ ပြန်သွားပြီဖြစ်ကြောင်းလည်း အထက်ပါအုပ်ထိန်းသူ သီလရှင်ဆရာကြီးက ပြောဆိုသည်။

သီလရှင် ဆရာလေး မရူပသိင်္ဂီမှာ လောင်းလုံးမြို့နယ် ဇာတိဖြစ်သည်။