ထိုင်းနိုင်ငံ၏ နှစ်သစ်ကူး ရေကစားပွဲတော်ဖြစ်သော ဆုန်ခရမ်ပွဲတော် (Songkran) အား ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတ်မှတ် ကြေညာလိုက်သည်။
ထိုဆုံးဖြတ်ချက်ကို ထိုင်းစံတော်ချိန် ယနေ့မွန်းလွဲပိုင်းတွင် UNESCO က ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုင်းရိုးရာနှစ်သစ်ကူးပွဲတော်အဖြစ် ဆုန်ခရမ်ရေကစားပွဲတော်ကို နှစ်စဉ် ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသည်။
ရေကစားပွဲတော်ဟု လူသိများသော ဆုန်ခရမ်ပွဲတော်သည် သန့်ရှင်းစင်ကြယ်ခြင်းနှင့် ဆေးကြောခြင်း၏ အထိမ်းအမှတ်တစ်ခုဖြစ်သည်။
ဆုန်ခရမ်ပွဲတော်နေ့တွင် ရေကစားခြင်းအပြင် သက်ကြီးပူဇော်ခြင်း၊ သံဃာများကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ထိုင်းရိုးရာ အစားအစာများ နှင့် ရိုးရာသီချင်းများဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းများလည်း ပါဝင်သည်။
ဆုန်ခရမ်ပွဲတော်သည် ရှေးခေတ်ဟိန္ဒူရိုးရာ ကောက်ရိတ်သိမ်းပွဲနှင့် နှစ်သစ်ရောက်ရှိလာမှုကို ကိုယ်စားပြုရာမှ ဆင်းသက်လာသည်ဟု ထိုင်းပညာရှင်များက ယူဆထားကြသည်။
ဟိန္ဒူနှင့် ဗုဒ္ဓဘာသာအယူအဆအရ ရေသည် အပြစ်များကို ဆေးကြောခြင်းကို ကိုယ်စားပြုကြောင်း ဖော်ပြထားသည်။
ထိုင်းပြက္ခဒိန်အရ ငါးလမြောက်၏ လအစရက်ကို နှစ်သစ်အဖြစ် သတ်မှတ်ထားပြီး ယင်းရက်သည် ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်နေခြင်းဖြစ်သည်။
အာဏာရ ဖွေထိုင်းပါတီဦးဆောင်ထားသော ညွန့်ပေါင်းအစိုးရက လာမည့်နှစ် ဆုန်ခရမ်ပွဲတော်ကို ၃ ရက်ကျင်းပမည့်အစား ဧပြီလ တစ်လလုံးကျင်းပရန် စီစဉ်နေသည်။
Ref: The Nation Thailand