BREAKING
January 12, 2025

ထားဝယ်တွင် စက်သုံးဆီပြတ်လပ်

December 6, 2023

ထားဝယ်မြို့သို့ တင်သွင်းသည့် စက်သုံးဆီခွဲတမ်းအရနည်းလာသဖြင့် စက်သုံးဆီပြတ်လပ်နေကြောင်း စက်သုံးဆီဆိုင်အချို့ထံမှ သိရသည်။

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့သည် ရန်ကုန်မြို့မှတစ်ဆင့် စက်သုံးဆီများ သယ်ယူပြီး ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။

“အရင်ပြီးခဲ့တဲ့ သုံးလေးပတ်လောက်အထိ သုံးရက်ကိုတစ်ခါ လီတာ ၅၀၀၀ ရတယ်။ အခုက ၁၈၀၀ (လီတာ) ကျော်ကျော်ပဲ ရတော့တာ။ ခွဲတမ်းက နည်းသွားတော့ ဘာမှလုပ်မရဘူး” ဟု ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့ထဲ စက်သုံးဆီဆိုင်ကြီးအချို့ပင် အရောင်းရပ်နားထားကြကြောင်း စုံစမ်းသိရသည်။

ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်အချို့ကလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း မြို့ခံအချို့က ဆိုသည်။

ဆိုင်ကယ်တစ်စီးလျှင် ၃၀၀၀ ကျပ်၊ သုံးဘီးတစ်စီးလျှင် ၅၀၀၀ ကျပ်၊ ကားတစ်စီးလျှင် ၂၀၀၀၀ ကျပ် နှုန်းဖြင့်သာ ကန့်သတ်ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

စက်သုံးဆီဆိုင်များတွင် လူများဆီဝယ်ရန် တန်းစီ‌စောင့်ဆိုင်းပြီးဝယ်ယူနေကြရကြောင်း မြို့ခံတို့က ပြောဆိုသည်။

“သုံးထောင်ဖိုးဆို တစ်လီတာပဲရတာလေ။ အဲဒီလောက်နဲ့ ဘာလုပ်လုပ်ရမှာလဲ” ဟု ထားဝယ်မြို့ခံ တက္ကစီသမားတစ်ဦးက ညည်းတွားသည်။

ပြည်သူများ စက်သုံးဆီရရှိရေးအတွက် မြို့အနှံ့လိုက်ရှာပြီး ဝယ်ယူနေကြရသည့် အခြေအနေဖြစ်လာနေသည်။

စက်သုံးဆီပြတ်လပ်နေသည့်ကိစ္စ မေးမြန်းရန်အတွက် တနင်္သာရီတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီးနှင့် တိုင်းစက်သုံးဆီ ကြီးကြပ်စစ်ဆေးရေးအရာရှိထံ Dawei Watch က ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်တွင် ဖုန်းဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

အာဏာသိမ်းပြီးနောက်ပိုင်းဒေသတွင်း စက်သုံးဆီပြတ်လပ်မှုမကြာခဏဖြစ်ပေါ်နေလေ့ရှိသည်။

ယခုကာလသည် ဒေသတွင်းရှိ လယ်သမားများ စပါးရိတ်သိမ်းရာသီရောက်နေခြင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူများ ပင်လယ်ထွက်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် စက်သုံးဆီအသုံးပြုများသည့်ကာလလည်းဖြစ်သည်။

လိုအပ်သည့် စက်သုံးဆီကို အချိန်နှင့်တပြေးညီ လုံလုံလောက်‌လောက်မရပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“အခုဆို ဆီ (စက်သုံးဆီ) မရတာကို အကြောင်းပြပြီး စပါးရိတ်စက်တွေက ဈေးပိုတောင်းနေကြတယ်။ သူတို့တောင်းတဲ့ဈေး မပေးနိုင်လို့ အခုထိ စပါးမရိတ်သေးတဲ့သူတွေ အများကြီးကျန်သေးတယ်” ဟု လောင်းလုံးမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

ထားဝယ်အပြင် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးတို့တွင်လည်း စက်သုံးဆီအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။