လောင်းလုံးမြို့ပေါ် ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်စောစောပိုင်းတွင် တိုက်ခိုက်ခံရကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် PDF တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့် ဖြစ်ပွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့က ဝပ်နေရတယ်။ (လက်နက်) အကြီးရော အသေးတွေရောပဲ (ပစ်တာ)” ဟု ၎င်းက ပြောဆိုသည်။
အပြန်အလှန်ပစ်ခတ်မှုကြောင့် နှစ်ဘက်ထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးပေ။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ပူးပေါင်းစစ်ဆေးသည့် စစ်ဆေးရေးဂိတ်တွင် မိနစ်နည်းငယ် စစ်ဆေးတင်းကျပ်ခဲ့ပြီး ယနေ့ နံနက် ၆ နာရီခန့်ကစ၍ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနေကြပြီဖြစ်ကြောင်း မြို့ခံများထံမှသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ လလယ်ပိုင်းကလည်း စရဖ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး လိုက်ပါသည့်ကားသည် လောင်းလုံးမြို့နယ်ရှိ အင်းဇောက်ရွာနှင့် သဗျာရွာကြားတွင် တိုက်ခိုက်ခံခဲ့ရသေးသည်။