BREAKING
November 24, 2024

ရဟတ်ယာဉ်ကွင်းနှစ်ခုပါသည့် ထရွန်အိုင်ဗျူဟာစခန်းကုန်းကို သိမ်းယူနိုင်ပြီဟု AA ထုတ်ပြန်

December 6, 2023

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ရဟတ်ယာဉ်ကွင်းနှစ်ကွင်းပါသည့် ထရွန်အိုင်ဗျူဟာ စခန်းကုန်းကြီးကို ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၅ရက်တွင် ထုတ်ပြန်သည်။

ထိုးစစ်ဆင်တိုက်ခိုက်မှု ၂၁ ရက်ကြာ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုးစစ်ကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့် နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း AA က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၃ရက်နေ့မှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းပစ်ကူ အကြိမ် ၃၀ ကျော် အထိရှိခဲ့ကြောင်း ဖော်ပြသည်။

ယင်းအပြင် ဓာတုဓာတ်ငွေ့ပါသော ဗုံးများကိုလည်း အသုံးပြုခဲ့ပြီး စစ်ကောင်စီဘက်က ရှမ်းမြောက်တွင်လည်း အထိနာသောကာလမျိုးတွင် အလားတူ ဓာတုဗုံး အသုံးပြုဖူးကြောင်းလည်း ဆိုသည်။

ပလက်ဝမြို့နယ်တွင် ထရွန်အိုင်ဗျူဟာကုန်းကြီးနှင့် ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခဲ့သည့် နှုံးဘူးဗျူဟာကုန်းကိုလည်း ဆက်လက်သိမ်းယူမည်ဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့အတွင်း တိုက်ပွဲမှာ ဆက်လက်ရှိနေကြောင်း ဖော်ပြသည်။

AA က သိမ်းယူထားသည့် စစ်ကောင်စီစခန်းကုန်းများ၊ စစ်ကောင်စီတပ် စွန့်လွှတ်ထားခဲ့သည့် နယ်စပ်စခန်းများအပြင် ဆက်လက်သိမ်းယူရန် လျာထားသည့် ဗျူဟာစခန်းများကို သိမ်းယူပြီးနောက် စခန်းအားလုံးကို ကာကွယ်စောင့်ရှောက်ရန် စစ်သည်များ လိုအပ်နေကြောင်းလည်း AA က ဆိုသည်။

ထို့ကြောင့် လူငယ်များ တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ကြောင်းလည်း ထုတ်ပြန်ထားသည်။