BREAKING
November 25, 2024

ရိတ်သိမ်းချိန်လွန်ကာလ လယ်သမားများ သိထားရမည့်အချက်များ

December 6, 2020

တနင်္သာရီတိုင်းဟာ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေရဲ့ ရိုက်ခတ် မှုတွေကြောင့် မိရိုးဖလာ စိုက်ပျိုးရေး လုပ်ငန်းတွေကနေ ဖောက်ထွက် စိုက်ကြ ပျိုးကြဖို့လိုလာနေပါပြီ။ ဒီနှစ်ဆိုရင် တနင်္သာရီတိုင်းဟာ မိုးဦး၊ မိုးလယ်မှာ ထင်သလောက် မိုးရေချိန်မရခဲ့ပါဘူး။ မိုးစပါးတွေ ရိတ်သိမ်းရတော့မယ့် အချိန်ကျတော့ အခါလွန်မိုးက ရှိနေပြန်ပါတယ်။ တချို့လယ်သမားတွေဟာ လယ်ထဲမှာ ရေတွေကျန်နေဆဲမို့လို့ အခုချိန်အထိ စပါးရိတ်သိမ်းမရသေးဘဲ စောင့်ဆိုင်း နေရတာတွေရှိနေပါတယ်။ တစ်ဖက်မှာ ဒေသထွက် စပါးတွေဟာ ပြည်ပရောင်း တန်းဝင်တဲ့ အရည်အသွေးမရှိတာကြောင့် ဈေးကွက်ပျောက်တဲ့ အခက်အခဲနဲ့ လည်း ရင်ဆိုင်နေကြရပါတယ်။

အဲဒီလိုအခက်အခဲတွေကို တစ်စုံတစ်ရာ ဖြေရှင်းနိုင်ဖို့ရာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်၊ ရိတ်သိမ်းချိန်လွန် နည်းပညာရှင်လည်းဖြစ်တဲ့ ဒေါက်တာ မျိုးအောင်ကျော်ရဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ရိတ်ခြွေစက်နဲ့စပါးခြွေပြီးရင် စပါးခြောက်ဖို့အရေးကြီးတယ်။
အရည်အသွေးကောင်းတဲ့ စပါးဖြစ်ဖို့က သတ်မှတ်ထားတဲ့ အစိုဓာတ်တွေရှိနေဖို့အရေးကြီးပါတယ်။ အဲဒီလို အစိုဓာတ်ထိန်းဖို့ကို ဒေသက လယ်သမားတွေက အရေးကြီးတယ်လို့ မထင်ကြပေ မဲ့ ဒေါက်တာမျိုးအောင်ကျော်ကတော့ အရေးကြီး လုပ်ဆောင်ရမယ့် အရာလို့ ဆိုပါတယ်။ ဒါကြောင့်သူက ရိတ်ခြွေ စက်တွေနဲ့ စပါးခြွေပြီးရင် အခြောက်ခံ ဖို့လိုပါမယ်လို့အကြံပြုပါတယ်။ အဲဒါမှလည်း အရည်အသွေးကောင်းတဲ့ စပါးကိုရမှာပါ။ အခြောက်ခံတဲ့နေရာမှာ နေလှမ်းတာဖြစ်ဖြစ် အခြောက်ခံစက်နဲ့ ဖြစ်ဖြစ် လုပ်ဖို့လိုအပ်ပါတယ်။ တာရှည် သိုလှောင်ရာမှာ တာရှည်မခံဘဲ စပါး အရည်အသွေးပျက်တတ်ပါတယ်။

စပါးနေလှန်းအခြောက်ခံမယ်ဆို သတိထားရမယ့်အရာများ
စပါးကို နေလှန်းအခြောက်ခံမယ် ဆိုရင် အနည်းဆုံး သုံးနေလောက် လှန်းဖို့ လိုအပ်မှာဖြစ်ပါတယ်။ လှန်းတဲ့နေရာမှာလည်း စပါးထုကို အထူကြီးဖြစ်လို့ မရပါဘူး။ သုတေသနတွေ့ရှိချက်တွေ အရဆိုရင် လက်သုံးလုံးအထိသာ အထူထားပြီး နေလှန်းရမယ်လို့ဆိုပါတယ်။ အဲဒီထက်ထူပြီးလှန်းမယ်ဆိုရင် မကြာခဏ မွှေပေးနေဖို့လိုပါတယ်။ ဖြစ် နိုင်မယ်ဆိုရင် နာရီဝက်တစ်ခါလောက် အပေါ်အောက်လှန်ပေးဖို့လိုပါမယ်။ အောက်ခံကို တာလပတ်လိုအခင်းမျိုး နဲ့လှန်းရင် ပိုအဆင်ပြေပါတယ်။

အစိုဓာတ်တိုင်းကိရိယာဆောင်ထားရန်
ဒေသခံလယ်သမားတွေလုံးဝနီးပါး မသုံးတာတစ်ခုက အစိုဓာတ်တိုင်းတဲ့ကိရိယာပါ။ အစိုဓာတ်တိုင်း ကိရိယာတွေဟာ လယ်သမားတွေ မဖြစ်မနေဆောင်ထားသင့်ပါတယ်။ အဲဒါမှ သတ်မှတ်အစိုဓာတ်ကို တိတိ ကျကျရရှိမှာပါ။ အနည်းဆုံး သုံးရက်လောက် နေလှန်းပြီးရင်တော့ အစိုဓာတ် တိုင်းဖို့လိုပါတယ်။ ၁၄ ရာခိုင်နှုန်း အစိုဓာတ်ဆိုရင်တော့ ဆန်စက်ကို ရောင်းလို့ရပါပြီ။ လပေါင်းများစွာ သိုလှောင်ဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အစိုဓာတ် ၁၂၊ ၁၃ ရာခိုင်နှုန်းကြားမှာရှိဖို့ လိုအပ်မှာပါ။

စပါးအခြောက်ခံစက်
ဒီနှစ်လိုမျိုး မူမမှန်တဲ့ ရာသီဥတု အခြေအနေမျိုးမှာဆိုရင် အစိုဓာတ် ထိန်းဖို့အတွက်က စပါးအခြောက်ခံစက် တွေသုံးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ တင်း ၅၀၊ ၆၀ ကို အခြောက်ခံနိုင်တဲ့ ဗီယက်နမ်နိုင်ငံထုတ် အသေးစား စပါး အခြောက်ခံစက်ကို သုံးမလား၊ လယ်သမား အချင်းချင်း စုပေါင်းဝယ်ပြီး အခြောက်ခံ စက်အကြီးတွေ ဝယ်မလားဆိုတာ ကိုယ့်ဘာသာ ချင့်ချိန်လုပ် ဆောင်နိုင်ပါတယ်။ အဲဒီလိုစက်မျိုးကို ဝယ်ပြီးရင် ကိုယ့်စပါးကို အခြောက်ခံ လို့ရသလို အခြားလယ်သမားတွေ ဆီမှာလည်း အခကြေးငွေနဲ့ ဝန်ဆောင်မှုပေးတာတွေ လုပ်နိုင်ပါသေးတယ်။ အသေးစား အခြောက်ခံစက်တစ်လုံးဆိုရင်တော့ သိန်းငါးဆယ်ဝန်းကျင်လောက်ရှိတယ်လို့ဆိုပါတယ်။

အရည်းသွေးကောင်းစပါးရဖို့ အားထုတ် မှုပဲလိုတယ်
အရည်းသွေးကောင်းတဲ့စပါး ဖြစ်ဖို့ ကြိုးစားအားထုတ်မှုပဲလိုတယ်လို့ ဆိုပါတယ်။ ဒေသတိုင်းဟာ အခွင့် အရေး အတူတူရှိတယ်လို့လည်းသူက ဆိုပါတယ်။ ဘယ်လို အားထုတ်ကြ မလဲဆိုရင် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်း မျိုးသန့်ကို ရွေးချယ်စိုက်ပျိုးကြဖို့နဲ့ မျိုးစပါးတွေ မျိုးရောနှောတာတွေမရှိဖို့ အရင်လုပ်ဆောင်ရမှာပါ။ ကြိုးစားအား ထုတ်ချင်စိတ်ရှိတဲ့ လယ်သမား၊ ဖောက်ထွက်လုပ်ဆောင်ချင်တဲ့လယ်သမားတွေကိုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ လိုအပ်တဲ့ ကူညီမှုတွေပေးဖို့ အဆင်သင့်ရှိတယ်လို့လည်းဆိုပါတယ်။ ဈေးကွက်ဝင် ရောင်တန်းဝင် အရည်အသွေးကောင်းတဲ့ စပါးရဖို့ဆိုရင် လယ်မြေပြုပြင်တာကအစ သွင်းအား စုတွေသုံးတာအလယ် အစိုဓာတ်ထိန်း တာအဆုံး စနစ်တကျ ကြိုးစားအား ထုတ်ဖို့လိုတယ်လို့ဆိုပါတယ်။

ဒါတွေကတော့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်၊ ရိတ်သိမ်းချိန်လွန် နည်းပညာ ရှင်လည်းဖြစ်တဲ့ ဒေါက်တာမျိုးအောင်ကျော် ရဲ့ အကြံပြုချက်တွေဖြစ်ပါတယ်။