BREAKING
December 22, 2024

အမေရိကန်ရွေးကောက်ပွဲနဲ့ လူဖြူတွေရဲ့ အကျပ်အတည်း

November 6, 2024

ဘန်ကောက်ပို့စ် သတင်းစာမှာ ဆောင်းပါးတပုဒ် ဖတ်ရတယ်။

Edoardo Campanella. (Oct 28, 2024). The US election and the crisis of whiteness. Bangkok Post. စာရေးသူ Edoardo Campanella က ဟားဗတ် တက္ကသိုလ် ကနေဒီအစိုးရကျောင်း၊ Mossavar-Rahmani Center က စီနီယာဖဲလိုးတဦး။ သူ့ဆောင်းပါးကို စိတ်ဝင်စားမိတာက အမေရိကန် ရွေးကောက်ပွဲကို သူက ရှုထောင့်တခုက ချဉ်းကပ်ထားတာ။

အနောက်နိုင်ငံတွေမှာ အထူးသဖြင့် ဒီမိုကရေစီ အကျပ်အတည်း (crisis of democracy) ကို ဖော်ပြ ပြောဆိုကြတဲ့ ပြဿနာတွေက အထူးသဖြင့် ဆူကြုံနိမ့်မြင့် ဆင်းရဲချမ်းသာ ကွာဟမှုပြဿနာ၊ လူလတ်တန်းစာတွေမှာ အနှစ်မဲ့မဲ့ ချွတ်ခြုံ ကျလာတာတွေနဲ့ နိုင်ငံခြားကနေ လူအစုအပြုံလိုက် ပြောင်းရွှေ့ဝင်ရောက်လာကြတဲ့ ပြဿနာတွေကို ဖော်ပြပြောဆိုလေ့ ရှိပါတယ်။

အခြား ကြီးလေးတဲ့ အချက်တခုက လူဦးရေ ဖွဲ့စည်းထားမှု (demography) ပါ။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုမှာပါ။ ဒီမိုကရေစီလို့ ပြောရင် မဲပေးကြတဲ့ နိုင်ငံသားပြည်သူတွေက အရေးပါတယ်။

အမေရိကန်ရွေး ကောက်ပွဲတွေကို ခြေရာကောက်မယ် ဆိုရင်တော့ အထူးသဖြင့် မဲပေးကြတဲ့ လူဖြူအရေအတွက် ဖွဲ့စည်းထားပုံ (demography) က အရေးပါတယ်။ လူဦးရေ ဖွဲ့စည်းထားပုံက အလွယ်တကူနဲ့ ပြင်လို့မရဘူး။ ချက်ချင်းကြီး ပြောင်းပစ် လို့ မရဘူး။ ဒီလိုနဲ့ပဲ အမေရိကန်ကလည်း မတည်မငြိမ်တွေဖြစ်၊ ကမ္ဘာ့နိုင်ငံရေးကြီးလည်း ရေရှည်မတည်မငြိမ်တွေ ဖြစ်နေရတော့တယ်။

ဆောင်းပါးရှင် ပြောတာက ၂၀၄၄ ခုနှစ်ရောက်ရင် အမေရိကန်ပြည်ထောင်စုမှာ လူဖြူအမေရိကန်က ၄၉.၇% ပဲ ရှိတော့ မယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခုကာလမှာ လူဖြူ ၇၀%၊ ၁၉၆၀ ခုနှစ်များက လူဖြူ ၉၀% ရှိခဲ့တယ်။ ဆိုလိုတာက လူဖြူ နည်းတဲ့ အမေရိကန်နိုင်ငံ ဖြစ်လာမှာ ဒီအချက်က နိုင်ငံရေးအရ၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေအရ အထူးသိသာ အရေးကြီးတယ်။

သမိုင်းတလျောက်မှာ ပထမဦးဆုံးအကြိမ် လူဖြူတွေက လူနည်းစု ဖြစ်လာလိမ့်မယ်။ လူမဲတွေထက်၊ စပိန်လူမျိုးအမေရိကန် Hispanic Americans နဲ့ အခြားအုပ်စုတွေထက် များနေသေးတယ် ဆိုရင်တောင်မှ လူဦးရေ ဖွဲ့စည်းမှုအရ ပြောင်းခဲ့ပြီ။ လူဖြူ မဲပေးသူတွေမှာ နိုင်ငံရေးအရ ဩဇာကျလာမယ်၊ သူတို့ အဆင့်အတန်း ကျဆင်းလာနေ ပြီလို့ ခံစားရမယ်။ ဘေးဖယ်ကျဉ်ခံနေရပြီ မြင်ကြမယ်။

အခု စစ်တမ်းတွေမှာ ဖော်ပြနေကြသလိုမျိုး ရီပတ်ဘလစ်ကင် ပါတီဝင်တွေက “ကိုယ့်နိုင်ငံထဲ ကိုယ်နေရင်း သူစိမ်းတရံစာတွေလို ခံစားနေရတယ်” ဆိုတာမျိုး စစ်တမ်းမှာ လူ ၆၀% က ဖြေဆိုတာကို ထင်ဟပ်နေတယ်။

ဒီနောက်ခံမှာပဲ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ ဖြစ်လာတယ်။ ဒီရွေးကောက်ပွဲဟာ ရေရှည် နိုင်ငံရေးပဋိပက္ခတွေ ဆက်ဖြစ်ဦး မှာကို ပြနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းကြောင်းအရ တည်ရှိနေခဲ့တဲ့ လူမျိုးအရ ထက်အောက်စဉ်ပုံမျိုး (racial hierarchy) ပြန်ဖြစ်မလာနိုင်တော့ဘူး။

နိဂုံးချုပ်ခဲ့ပြီ။ ယေဘုယျဆိုရင်တော့ ဒီမိုကရက်ပါတီဝင်တွေက လူမျိုးစုံ ဒီမိုကရေစီ စနစ်ကို ထွေးပိုက်လက်ခံနိုင်တယ်။ ရီပတ်ဘလစ်ကင်တွေကတော့ သူတို့နိုင်ငံကို “နောက်တကြိမ် ကြီးမြတ်တဲ့နိုင်ငံ Great again” ဖြစ်စေချင်သေးတယ်။ အရင်အဟောင်း လူဖြူကြီးစိုးတဲ့ခေတ်ကို ပြန်ထူထောင်ချင်ပါသေးတယ်။

ဒီပဋိပက္ခကပဲ ဒေါ်နယ်ထရမ့်ကို မွေးဖွားလာစေပါတယ်။ ရီပတ်ဘလစ်ကင်ပါတီ သမ္မတလောင်းတွေက လူဖြူတွေရဲ့ မဲ အများစုကို ရဖို့ ဆွဲဆောင်စည်းရုံးကြပါတယ်။

၁၉၆၄ ခုနှစ် ကတည်းကပါ။ အဲဒီနှစ်မှာ ဒီမိုကရက်ပါတီက လင်ဒွန် ဘီ ကျွန်ဆင် (Lyndon B Johnson) အနိုင်ရပြီး မဲပေးခွင့် ဥပဒေနဲ့ နိုင်ငံသား အခွင့်အရေးဥပဒေ (Voting Rights and Civil Rights Acts) တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သိပ်မကြာသေးခင် ကာလမှာတော့ ၂၀၀၈ ခုနှစ်မှာ ဒီမိုကရက် ဘားရက် အိုဘားမား (Barack Obama) အနိုင်ရခဲ့ပါတယ်။ လူဖြူမဲဆန္ဒရှင်အတွေနဲ့ နောက် ဘာအပြောင်းအလဲတွေ ဆက် ဖြစ်လာမလဲဆိုပြီး ရင်မခဲ့ရပါတယ်။ နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ လူဦးရေဖွဲ့စည်းပုံကိုလည်း အသိအမှတ်ပြုလာခဲ့ရပါ တယ်။

အိုဘားမား နောက်တကြိမ် အရွေးခံရပြီး ၂၀၁၂ ခုနှစ် ရီပတ်ဘလစ်ကင်ပါတီ အမျိုးသားညီလာခံ (Republican National Committee) မှာတော့ ပါတီအနေနဲ့ လူနည်းစုတွေကို ပိုပြီး အလေးထားစည်းရုံးရမယ်လို့ အသိအမှတ်ပြုခဲ့ကြပါတယ်။

ဒီအကြောင်း အစီရင်ခံစာလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြည်နယ် အဆင့်တွေမှာတော့ ရီပတ်ဘလစ်ကင်ပါတီဝင်တွေက ဆန့်ကျင်ဖက် လုပ်ခဲ့ကြပါတယ်။ လူဖြူမဲဆန္ဒရှင်တွေကိုပဲ ပိုလို့ အလေးပေး စည်းရုံးခဲ့ကြပါတယ်။

မဲဆန္ဒတွေကို ဖိနှိပ်တာ နဲ့ လူမျိုးရေးအခြေပြု မဲဆန္ဒနယ် ဖွဲ့စည်းမှု (racially gerrymandered congressional districts) တွေ လုပ်ခဲ့ကြ ပါတယ်။ ၂၀၁၆ မှာတော့ ထရမ့်က လူဖြူထုရဲ့ မကျေမနပ်စိတ်တွေကို ဆွဲဆောင်နိုင်လို့ သမ္မတလောင်းနေရာကို ရယူနိုင် ခဲ့ပါတယ်။

ထရမ့်သမ္မတ ဖြစ်လာတေ့ အမေရိကန်သမိုင်းကြောင်းအရ လူမျိုးရေး ထက်-အောက် ဖွဲ့စည်းထားပုံကို ပြန်အသက်သွင်း နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ထရမ့်က မှတ်တမ်းမှတ်ရာ မရှိတဲ့ ရွှေ့ပြောင်းလာသူ သန်းနဲ့ချီ နှင်ထုတ်ပြန်ပို့ရေး ဖြစ် လာတာပါ။ ထရမ့်နောက်ပိုင်း ရှုံးရတဲ့တိုင်အောင် ဒီတိုက်ပွဲက ဆက်ရှိနေပါတယ်။

အဲသလို လူဦးရေ ဖွဲ့စည်းပုံအရ ကျဆင်းလာနေတဲ့ အုပ်စုကို အနာဂတ်မှာ မျှော်လင့်ချက်ထားပြီး ပါတီကိုစည်းရုံးလှုပ်ရှား နေတယ်ဆိုရင်တော့ ကိုယ့်ဘာသာ သတ်သေတဲ့ပါတီ တခုလိုပါပဲတဲ့။ ဒါပေမယ့် ရီပတ်ဘလစ်ကင်ပါတီဖက်ကို အခြား လူဖြူမဟုတ်တဲ့ သူတွေဖက်က ထောက်ခံမှုတော့ တက်လာပါတယ်။

တခုက အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အခုမဟာဗျူဟာနဲ့ ပတ်သက်လို့ ရှင်းပြထားချက် တခုတော့ ရှိပါတယ်။ ဟားဗတ်တက္ကသိုလ်က Steven Levitsky နဲ့ Daniel Ziblatt တို့က ထောက်ပြထားကြတာကတော့ အမေရိကန်ရဲ့ စနစ်မှာ လူများစု စိုးမိုးမှုကို တန်ပြန်လုပ်မယ့် အင်စတီကျူးရှင်း (အဖွဲ့အစည်းစနစ်) ပြန်တားနိုင်တဲ့ စနစ်အချို့ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက ဒါမှပဲ တည်ငြိမ်မှု ထိန်းနိုင်မှာမို့ပါ။ ဒါပေမယ့် ဒီအင်စတီကျူးရှင်းတွေက လူနည်းစုတွေအတွက် အားပေးဖို့ လည်း ဖြစ်နိုင်ပါတယ်။

ဥပမာအားဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲတွေကို ကြည့်ရင် သမ္မတကို ရွေးတာက လူထုမဲ (popular vote) နဲ့ မဟုတ်ပါဘူး။ သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့ (Electoral College) က ရွေးတာပါ။ ဒီလိုနဲ့ ၂၀၁၆ ခုနှစ်တုန်းက ထရမ့်အနိုင်ရလာခဲ့တာပါ။ လူထုပေးတဲ့မဲမှာက သူ့ပြိုင်ဖက်ထက်ကို နည်းခဲ့ပါတယ်။

ဒီလိုနဲ့ ဖြစ်ပေါ်နေတဲ့ လူဦးရေ ပြောင်းလဲဖွဲ့စည်းမှု၊ ထရမ့်ဦးဆောင်တဲ့ ရီပတ်ဘလစ်ကင်ပါတီ၊ လူများစုကို ဆန့်ကျင် သဘောရှိတဲ့ ဖွဲ့စည်းပုံ ဥပဒေသတွေ (counter-majoritarian constitutional rules) ပေါင်းစည်းလိုက်တဲ့အခါ အမေရိကန် ဒီမိုကရေစီစနစ်က အလုပ်မဖြစ်နိုင်ဘဲ (highly dysfunctional) အကျပ်အတည်းတွေ ဖြစ်လာရတာပါပဲ။ ဒီဖြစ်စဉ်က ရှေ့လာမယ့် နှစ်တွေမှာလည်း ဆက်လက်တွေ့ရမှာပါ။

အမေရိကန်ပြည်ထောင်စုက အင်စတီကျူးရှင်းတွေ ခိုင်မာနေတော့ကာ အာဏာရှင်စနစ် ဖြစ်သွားဖို့တော့ မလွယ်ပါဘူး။ အာဏာရှင်စနစ် မကျရနိုင်အောင် ကာကွယ်ပေးထားပါတယ်။ ဒါပေမယ့် အချိန်တခုတိုင်အောင်တော့ နိုင်ငံရေးအရ တင်းမာမှုတွေ၊ ပဋိပက္ခတွေတော့ ဖြစ်နိုင်ပါသေးတယ်။

ဒီအခြေအနေမှာ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း မြင်ရဖို့လည်း မရှိပါဘူး။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ် ဥပဒေပြုသူတွေက ရွေးကောက်ပွဲ စီမံခန့်ခွဲပုံတွေနဲ့ မဲဆန္ဒရှင် အခွင့်အရေး စသည်တို့ကို ပြန်လည် ပြင်ဆင်ရေးဆွဲကြဖို့ ဆိုတာကလည်း ဝေးပါသေးတယ်။

ကွန်ဂရက်လွှတ်တော်နဲ့ လက်ျာစွန်း တရားခုံရုံးချုပ်တို့ နိုင်ငံသား အခွင့်အရေးကိစ္စ ထိပ်တိုက်ဆုံရဖို့၊ ကွန်ဂရက်နဲ့ အစွန်းရောက် သမ္မတတို့အကြား ထိပ်တိုက် တွေ့တာမျိုး ဖြစ်ဖို့တော့ ဝေးပါသေးတယ်။

ပြင်ဆင်ဖို့ အလွယ် ဆေးမြီးတိုနည်းလမ်းတော့ မရှိပါဘူး။ သမ္မတရွေးကောက်ရေး အဖွဲ့ (Electoral College) စနစ်ကို အဆုံးသတ်ဖို့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုရင်လည်း၊ ဒါမှမဟုတ် ဆီးနိတ် အထက်လွှတ်တော်နဲ့ တရား လွှတ်တော်ချုပ်ကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုရင်လည်း (တရားရေးဌာနက သူ့သက်တမ်းကို သတ်မှတ် မထားပါဘူး) အဆိုပြုတာနဲ့ အဲဒီမှာပဲ ရပ်သွားမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုကြီးရဲ့ ထောက်ခံမှုနဲ့မှ ပြင်ဆင် လို့ ရမှာပါ။ ကွန်ဂရက်လွှတ်တော် အများစုက ထောက်ခံမှုနဲ့ ပြည်နယ်အားလုံးရဲ့ (လေးပုံသုံးပုံ) ထောက်ခံမှုရမှ ပြင်ဆင်လို့ ရမှာပါ။

သဘောကတော့ အမေရိကန်မှာ အလယ်ဗဟိုဝါဒီတွေနဲ့ လက်ျာစွန်း၊ လက်ဝဲစွန်း အယူရှိသူတွေ ပေါင်းစည်းနိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ပြောရရင်တော့ ဖြစ်နိုင်ခြေ မမြင်မိသလောက်ပါပဲ။

အခုနှစ် ရွေးကောက်ပွဲတခုက တခုမဟုတ်-တခု ဆိုတဲ့ ဘက်နှစ်ဘက် ရလဒ် ထွက်ဖို့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒု-သမ္မတ ကမ်မီလာ ဟဲရစ်နိုင်လို့လည်း အမေရိကန် ဒီမိုကရေစီကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။

ထရမ့်သမ္မတနိုင်လို့လည်း ချက်ချင်းကြီး ဒီမိုကရေစီကို သတ်ပစ်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီအစား ဖြစ်နိုင်တာက လွန်ခဲ့တဲ့ နှစ် ၆၀ က စတင်ခဲ့တဲ့ ရေရှည် လူဦးရေဖွဲ့စည်းမှုဆိုင်ရာ ပဋိပက္ခ ဆက်ဖြစ်ပေါ်နေမှာပါ။ အဆုံးသတ်မယ့် လက္ခဏာ မတွေ့ရသေးပါဘူး။

အောင်သူငြိမ်း