BREAKING
December 23, 2024

သန်းခေါင်စာရင်းကောက်ရန် စီစဉ်သဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်

November 6, 2024

သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ကူညီလုပ်ဆောင်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းထားသည့် အုပ်ချုပ်ရေးမှူးလင်မယားနှင့် ဆရာ၊ ဆရာမ ခုနှစ်ဦးကို ပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ(၁) ထံမှ သိရသည်။

သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် လုပ်သဖြင့် ရန်တောင်ရွာအုပ်ချုပ်ရေးမှူး၊ မူလွန်ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင်သူ ကိုးဦးကို အောက်တိုဘာ ၉ ရက်တွင် ဒေါင်းညီနောင်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့သည်။

နိုဝင်ဘာ ၁ ရက်ညပိုင်းတွင် ရန်တောင်ရွာက အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဇနီး ဒေါ်သန်းစိုး၊ ကျောင်းဆရာမနှစ်ဦးအပါအဝင် သရက်နှစ်ခွရွာက ဆရာမနှစ်ဦး၊ မဲနယ်အိုးရွာက ဆရာမတစ်ဦးကို ပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း ယင်းတပ်ခွဲ(၁)က ဆက်သွယ်ရေးတာဝန်ခံက ပြောသည်။

အဆိုပါ လူပုဂ္ဂိုလ်ခုနှစ်ဦးမှာ သန်းခေါင်စာရင်းကောက်ရန် သင်တန်းတက်ရောက်ခဲ့သည်မှာ မှန်သော်လည်း သန်းခေါင်စာရင်း ကောက်ယူရာတွင် မပါဝင်သေးသည့်အချက်နှင့် ၎င်းတို့ကို စတင်ဖမ်းဆီးစဉ်ကတည်းက သန်းခေါင်စာရင်း ကောက်ပြီးသည့် အချိန်ကာလအထိသာ ဖမ်းဆီးထိန်းသိမ်းမည်ဆိုသော ရည်ရွယ်ချက်ရှိသဖြင့် ခံဝန်ကတိလက်မှတ်ဖြင့် ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

သို့သော်ဖမ်းဆီးခံရသူများထဲမှ ရန်တောင်ရွာ မူလွန်ကျောင်းအုပ်ဆရာကြီး ဦးသီးဖေနှင့် ပန်းချီရှောင်ရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးကျော်အေးမှာ သန်းခေါင်စာရင်း ကောက်မည့်ကိစ္စ၊ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် ကိစ္စရပ်များရှိသဖြင့် ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးတာဝန်ခံက ပြောသည်။

“ဖမ်းပြီးမလွတ်သေးတဲ့နှစ်ယောက်က သူတို့ရဲ့နောက်ကြောင်းတွေက ဒီဟာတစ်ခုတည်းမဟုတ်ဘူး။ ကျန်တာတွေအများကြီးရှိသေးတယ်။ ဆရာဦးသီးဖေဆိုလည်း CDM ဝင်ထားတဲ့ဆရာမတွေကို ခြိမ်းခြောက်ပြီး Non CDM ပြန်လုပ်ခိုင်းတာတွေမျိုး (စစ်ကောင်စီတပ်) နဲ့ပတ်သက်တာတွေပေါ့” ဟု ၎င်းက ပြောသည်။

ဦးကျော်အေးမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်ရာတွင် ကူညီလုပ်ကိုင်ပေးမှုများရှိသဖြင့် ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

လောင်းလုံးမြို့နယ်တွင်လည်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်သဖြင့် ဆရာမခုနှစ်ဦးနှင့် ဝန်ထမ်းနှစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)- LLPDF က အောက်တိုဘာ ၆ ရက်က ဖမ်းဆီးထိန်းသိမ်းထားသည်။

ဖမ်းဆီးထိန်းသိမ်းထားသူများနှင့်ပက်သက်ပြီး လောင်းလုံးပကဖကို Dawei Watch ကဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်သည်။

ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူမှုကို အခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိကောက်ယူခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိသည့် ဒေသများအတွက် အောက်တိုဘာ ၃၁ ရက်အထိ ရက်တိုးကောက်ယူမှုတွေပြုလုပ်ခဲ့သည်။

သန်းခေါင်စာရင်းကို စစ်ကောင်စီတပ်က လုံခြုံရေးအင်အားအပြည့်ဖြင့် ကောက်ယူခဲ့ပြီး အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ အဖမ်းခံခဲ့ရသည့် သရက်ချောင်းမြို့နယ် မဲနယ်အိုး၊ သရက်နှစ်ခွ၊ ဥတ္တူ၊ ရန်တောင်စသည့် ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့သည်။