BREAKING
January 10, 2025

ကျွန်းစုတွင် ကဏန်းမဲ စျေးနှစ်ဆနီးပါးတက်

November 6, 2024

ကျွန်းစုမြို့နယ်တွင် ကဏန်းမဲ စျေးနှစ်ဆနီးပါးမြင့်တက်လာကြောင်း ကဏန်းဖမ်းနေသည့် ရေလုပ်သားများနှင့် ရောင်းဝယ်နေသူများက ပြောသည်။

ကဏန်းမဲ အကောင်ကြီး တစ်ပိဿာလျှင် ကျပ်ငါးသောင်းကျော်အထိ ပေါက်ဈေးရှိနေပြီး အကောင်သေး တစ်ပိဿာလျှင် ကျပ်နှစ်သောင်းဝန်းကျင် ဈေးရှိနေကြောင်း ကဏန်းရောင်းဝယ်သူများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကမူ အကောင်ကြီးတစ်ပိဿာလျှင် ကျပ်သုံးသောင်းဝန်းကျင်နှင့် အကောင်သေး တစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော်သာ ဈေးရှိခဲ့ကြောင်း ကျွန်းစုမြို့နယ်အတွင်း ကဏန်းရောင်းဝယ်ရေးလုပ်နေသည့် အမျိုးသမီးတစ်ဦး က ပြောဆိုသည်။

သို့ရာတွင် ကဏန်းအကြီးအသေးအပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း ကျွန်းစုမြို့နယ်အတွင်း ကဏန်းဝယ်သူများက ဆိုသည်။

ကျွန်းစုမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး အဝယ်လိုက်နေသည့်အတွက် ဈေးတက်လာသည်ဟု ယူဆကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စုနေ ကဏန်းဖမ်းနေသည့် ရေလုပ်သားတစ်ဦးက ပြောဆိုသည်။

“ဈေးတက်လာတယ်ဆိုပေမယ့် အခုခေတ် ကုန်ဈေးနှုန်းကလည်း မသေးဘူးလေ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကဏန်းဈေးကောင်းနေသဖြင့် ကဏန်းမြုံးထောင်သူ ပိုများလာပြီး အခြားဒေသက လာဝယ်သူများလည်း ရှိလာကြောင်း ကျွန်းစုမြို့နယ်အတွင်းနေထိုင်သူများထံမှ သိရသည်။

ကဏန်းမဲကို ပင်လယ်ရေအတက်အကျကြမ်းသည့်အချိန်ဖြစ်သည့် လဆန်း ၇ ရက်ဝန်းကျင်မှ လပြည့်ကျော် ၃ ရက်နေ့ ဝန်းကျင်အထိ ပင်လယ်ဒီရေရောက်သည့် ဒီရေတောအတွင်း မြုံးထောင်ဖမ်းလေ့ရှိသည်။

ကျွန်းစုဒေသထွက် ကဏန်းများကို ထိုင်းနိုင်ငံအပြင် မြိတ်နှင့် ရန်ကုန်ရှိ စားသောက်ဆိုင်ကြီးများကိုလည်း တင်ပို့ရောင်းချ‌လေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။