BREAKING
December 23, 2024

ကထိန်ရာသီ သင်္ကန်းစျေးနှစ်ဆတက်

November 6, 2024

ယခုနှစ် ကထိန်ရာသီတွင် ယမန်နှစ်ကထက် သင်္ကန်းစျေး နှစ်ဆတက်သွားကြောင်း တနင်္သာရီတိုင်းအတွင်းရှိ သင်္ကန်းပရိက္ခရာရောင်းချသူများထံမှ သိရသည်။

ကထိန်ခင်းအလှူပွဲများ၊ ဘုံကထိန်ပွဲများနှင့် ရှင်ပြု၊ ရဟန်းခံပွဲများ၌ လှူဒါန်းကြသည့် သင်္ကန်းများမှာ ပြီးခဲ့သည့်နှစ်က တစ်စုံလျှင် စျေးအနည်းဆုံး ကျပ်နှစ်သောင်းဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်တွင်မူ ကျပ်လေးသောင်းဝန်းကျင် စျေးအနိမ့်ဆုံးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ရောင်းအားက နယ်ဖောက်သည်တွေ အဓိကထားတဲ့သူက အခုနှစ်ရောင်းရနည်းတယ်။ နယ်တွေမှာ ရွာတွေ ရွှေ့ပြောင်းထားကြရလို့ အလှူအတန်းတွေက မြို့ပေါ်မှာပဲ လာလုပ်ကြတာပါ။ နယ်အလှူတွေလို ပမာဏအများကြီး အားပေးတာမျိုးတော့ မရှိတော့ဘူး” ဟု ထားဝယ်မြို့က ကိုယ်တိုင်သင်္ကန်းချုပ်လုပ်ရောင်းချသူတစ်ဦးက ပြောသည်။

သင်္ကန်းများမှာ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးသည့်အပြင် ဒေါ်လာစျေးတက်၍ သင်္ကန်းချုပ်ရန် အထည်အလိပ် ဝယ်ယူရ ခက်ခဲလာမှုကြောင့် စျေးတက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ သင်္ကန်းတိုက်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

တနင်္သာရီတိုင်းရှိ သင်္ကန်းတိုက်များသည် ရန်ကုန်၊ မန္တလေးစျေးကွက်များမှ အသင့်ချုပ်လုပ်ပြီးသား သင်္ကန်းများဝယ်ယူ ရောင်းချသူများရှိသလို အထည်အလိပ်များဝယ်၍ ကိုယ်တိုင်ချုပ်ရောင်းသူများလည်းရှိသည်။

“ဒေါ်လာစျေးတက်တော့ ကုန်ကြမ်းက ရှားပါးလာတယ်။ ဝယ်ရခက်လာတယ်။ အခုနှစ်မှာဆို သင်္ကန်းအကောင်းစားချုပ်ဖို့ အထည်အလိပ်ကောင်းမရလို့ သင်္ကန်းအလယ်လတ်တန်းစားလောက်ပဲ ကထိန်ရာသီ အမီစျေးကွက်ဝင်ခဲ့တယ်” ဟု ထားဝယ်မြို့ရှိ သင်္ကန်းတိုက်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

မြိတ်မြို့က သင်္ကန်းတိုက်ပိုင်ရှင်တစ်ဦးကလည်း အထည်အလိပ်စျေးများ မြင့်တက်နေကြောင်း ဆိုသည်။

“အထည်အလိပ်က နိုင်ငံခြားကတင်သွင်းပြီးသား ရန်ကုန်ဆိုင်တွေမှာ ပြန်ယူတာတောင် စျေးအတော်ကြီးတယ်။ အရင်ကထက်စာရင် စျေးသုံးဆလောက်တက်သွားတယ်။ အခု ကထိန်ရာသီမတိုင်မီ နှစ်လလောက်အလိုမှာ စျေးပိုတက်သွားတယ် ” ဟု ၎င်းက ပြောသည်။

ကော့သောင်းမြို့တွင်မူ ကိုယ်တိုင်ချုပ်လုပ်ရောင်းချသူထက် ဝယ်ယူရောင်းချသူပိုများပြီး ယခုနှစ်ကထိန်ရာသီအတွက် ကျပ်တစ်သိန်းမှ သုံးသိန်းအကြားတန်ဖိုးရှိ သင်္ကန်းများ ပို၍ရောင်းချရကြောင်း နိဗ္ဗာန်ကုန်ရောင်းချသူများက ဆိုသည်။

ယခုနှစ် ကထိန်ရာသီတွင် တနင်္သာရီတိုင်းအတွင်းစျေးကွက်၌ ကျပ်နှစ်သိန်းဝန်းကျင်မှ ကျပ်ခြောက်သိန်းဝန်းကျင် စျေးရှိသည့် ကထိန်သင်္ကန်းများ ဝယ်ယူမှုများကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဘုန်းကြီးကျောင်းများမှ သင်္ကန်းအဟောင်းများကို အရောင်းအဝယ်ပြန်လုပ်သည့် စျေးကွက်တွင်မူ သင်္ကန်းစျေးတက်ခြင်း မရှိသေးကြောင်း သင်္ကန်းပရိက္ခရာရောင်းချသူများထံမှ သိရသည်။