BREAKING
January 10, 2025

တနင်္သာရီရှိ ကျေးရွာအချို့နှင့် စစ်ရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များ

November 6, 2024

ဓာတ်ပုံ - နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် စစ်ဘေးရှောင်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြကြောင်း ဒေသခံများနှင့် ဆေးဝန်ထမ်းများက ပြောသည်။

တကူ၊ သိန္ဓော၊ ပဝရွာ၊ ညောင်ပင်ကွင်း၊ မော်တုန်း စသည့်ကျေးရွာများတွင် အောက်တိုဘာလနောက်ဆုံးအပတ်မှစကာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များလာကြောင်း ဒေသခံများ၊ စစ်ဘေးရှောင်များကို အကူအညီပေးနေသည့်အဖွဲ့များနှင့် ကျန်းမာရေးကဏ္ဍတွင် ကူညီလုပ်ကိုင်ပေးနေသူများက ဆိုသည်။

“မိသားစုအလိုက် ဖြစ်ကြတာ၊ တအားတော့ အဖြစ်မများ (ရောဂါမပြင်းထန်) ကြဘူး။ ဓာတ်ဆားသောက်၊ ဆေးထိုးဆေးစား သုံးရက်လောက် လုပ်လိုက်ရင်ကောင်းသွားတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် နွေဦးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရာသီအကူးအပြောင်းကာလဖြစ်သည့်အတွက် နေပူသည့်အချိန် အလွန်ပူပြင်းပြီး မိုးရွာပါကလည်း မိုးသည်းထန်ခြင်း တို့ကြောင့် ဖြစ်နိုင်သလို ရေနှင့် အစားအသောက် မသန့်ရှင်းမှုကြောင့်လည်းဖြစ်နိုင်ကြောင်း ကျန်းမာရေးကဏ္ဍတွင် ကူညီလုပ်ကိုင်ပေးနေသူများက ခန့်မှန်းသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေသဖြင့် စစ်ရှောင်စခန်းအပါအဝင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆေးဝါးလိုအပ်ချက်များနေကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီနေသူများက ပြောဆိုသည်။

“ဆေးဝါးလိုအပ်ချက်တွေက တော်တော်လေးကို ရှိနေတယ်။ စကစ (စစ်ကောင်စီ) က လမ်းကြောင်းတွေ ပိတ်ထားတော့ ဆေးတွေကလည်း ဈေးကြီးသလို ပိုက်ဆံရှိရင်တောင် ဝယ်ယူဖို့ မရတော့ ရတဲ့ဆေးနဲ့ ရသလိုကုနေကြရတာပဲ” ဟု စစ်ရှောင်များကို ဆေးကုသပေးနေသူတစ်ဦးက ပြောသည်။

ဓာတ်ဆားတစ်ထုပ်ကို မြိတ်မြို့တွင် ကျပ်ခြောက်ရာဝန်းကျင်သာ ပေါက်ဈေးရှိသော်လည်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာများတွင် ကျပ်တစ်ထောင်ခန့် ပေးနေရကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါဒေသတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် ရာသီတုပ်ကွေးလည်း ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ကျန်းမားရေးဝန်ထမ်းများထံမှ သိရသည်။