BREAKING
January 10, 2025

သိမ်ဇရပ်တွင် လက်နက်ကြီးထိပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးတစ်ဦးဒဏ်ရာရ

November 6, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် နိုဝင်ဘာလ ၅ ရက် ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ ည ၇နာရီခန့်က မြရတနာရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါနေအိမ်ရှိ အသက် ၇၀ နှစ်အရွယ် ဒေါ်ခင်မြင့်၏ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် လက်နက်ကြီးကျည်စ ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းအပြင် ဒေါ်ခင်မြင့်၏ မြေးဖြစ်သူ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် မိန်းကလေးတွင်လည်း လက်နှင့် ပေါင်တို့တွင် ကျည်စထိမှန်ဒဏ်ရာများရပြီး သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

လက်နက်ကြီး မည်သည့်တပ်က ပစ်ခတ်သည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။

“အခုကျကွဲသွားတဲ့ လက်နက်ကြီးက ဘယ်ကနေ ပစ်လာမှန်းသေချာမသိပေမယ့် သိမ်ဇရပ်မှာရှိနေတဲ့ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ရမ်းပစ်နေတာကတော့ ခဏခဏပါပဲ။ လက်နက်ကြီးထိပြီး သေဆုံးသွားခဲ့တာတွေလည်း ရှိခဲ့တယ်။ အခုလည်း အဲဒီလိုပဲ။ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး။ သပ်သပ်ကို လက်နက်ကြီးနဲ့ ထုနေတာ လူနေရပ်ကွက်ထဲကို” ဟု ဒေသခံတစ်ဦးက ပြောသည်။

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်များအပါအဝင် ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများထဲသို့ မကြာခဏပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း သိမ်ဇရပ်အခြေစိုက် အမြောက်တပ်ရင်း ၃၁၀ က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး သိမ်ဇရပ်မြို့၊ ရွာလေးပိုင်းက အရပ်သားတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့သေးသည်။

သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် နယ်မြေရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီးထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုများတွင်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် လူနေရပ်ကွက်၊ ကျေးရွာများကို ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။