BREAKING
January 10, 2025

ဘန်ကောက်တွင် ရေခဲမုန့်ရောင်းသည့် မြန်မာနှစ်ဦး ဖမ်းဆီးခံရ

November 6, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခွန်ထီယမ်နယ်မြေတွင် ရေခဲမုန့်ထုတ်လုပ်ရောင်းချနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကျန်းမာရေးစံနှုန်းများနှင့် ညီညွတ်မှု မရှိသော ရေခဲမုန့်များကို တရားမဝင် ထုတ်လုပ်ရောင်းချနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း စမေဒန်နေရာတွင် မြန်မာနိုင်ငံသားများက ရေခဲမုန့်များကို ကျန်းမာရေးနှင့် မညီညွတ်ဘဲ ထုတ်လုပ်ရောင်းချနေပုံများ ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာပြီးနောက် ထိုင်းနိုင်ငံသားများကြား ဝေဖန်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းလဝက ရဲတပ်ဖွဲ့များက ခြေရာခံရှာဖွေနေရာ ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် အိမ်ဆိုင်နောက်က ရေခဲမုန့်ထုတ်လုပ်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ဟုဆိုသည်။

မြန်မာနိုင်ငံသားနှစ်ဦးကလည်း ရေခဲမုန့်လုပ်ရန် နို့နှင့် ပါဝင်ပစ္စည်းများကို ဈေးမှဝယ်ယူပြီး ရေခဲမုန့်ကို ထုတ်လုပ်ရောင်းချနေကြကြောင်း ဝန်ခံထားသည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ဖမ်းဆီးခံရ‌သော မြန်မာနိုင်ငံသားနှစ်ဦးတွင် အလုပ်လုပ်ခွင့် လက်မှတ်မရှိကြဘဲ တစ်ဦးမှာ နေထိုင်ခွင့်ဗီဇာ ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် လဝကရဲတပ်ဖွဲ့များက စမေဒန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Khaosod English, PPTV, CH 7