BREAKING
January 10, 2025

ထရမ့် သမ္မတဖြစ်ပြီဟု အမေရိကန်သတင်းဌာန Fox News ကြေညာ

November 6, 2024

ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာဟဲရစ်ကို အံ့အားသင့်စရာ အနိုင်ယူ၍ အမေရိကန်ပြည်ထောင်စု၏ ၄၇ ယောက်မြောက် သမ္မတဖြစ်လာခဲ့ပြီဟု Fox News သတင်းဌာနက ကြေညာလိုက်သည်။

ယခုရွေးကောက်ပွဲအနိုင်ရလဒ်ကြောင့် သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို၍ အိမ်ဖြူတော်တွင် လေးနှစ်သက်တမ်းကို ဒုတိယအကြိမ် ထပ်မံထမ်းဆောင်ရတော့မည် ဖြစ်သည်။

အမေရိကန်သမိုင်းတွင် သမ္မတသက်တမ်းနှစ်ကြိမ်ကို ဆက်တိုက်မဟုတ်ဘဲ အနိုင်ရခဲ့သူ နှစ်ဦးသာ ရှိခဲ့ပြီး ဒေါ်နယ်ထရမ့်က တစ်ဦးဖြစ်သည်။

ယင်းကြောင့် ဒေါ်နယ်ထရမ့်မှာ သမ္မတဂရိုဗာကလီးဗ်လန်းလက်ထက် ၁၈၉၂ ခုနှစ်နောက်ပိုင်း ဆက်တိုက်မဟုတ်သည့် သမ္မတသက်တမ်းနှစ်ကြိမ်ကို တာဝန်ထမ်းဆောင်ခွင့်ရသည့် ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာသည်။

ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ၃ ကြိမ်ယှဉ်ပြိုင်ရာတွင် ၂ ကြိမ်အနိုင်ရခဲ့သူဖြစ်ပြီး အမျိုးသမီးများနှင့် ပြိုင်ဆိုင်ခဲ့သည့် နှစ်ကြိမ်စလုံးတွင် အနိုင်ရယူခဲ့သည်။ ယင်းမှာ အမေရိကန် ပြည်ထောင်စုတွင် အမျိုးသမီးများကို သမ္မတအဖြစ် တင်မြှောက်ရန် အဆင်သင့်မဖြစ်သေးသည့် သဘောဟု ဝေဖန်မှုများလည်းရှိနေသည်။

“အမေရိကန်နိုင်ငံကို ပြန်ကြီးကျယ်လာအောင် လုပ်မယ်”ဟူသည့် ကတိပေးချက်နှင့် ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို ၂၀၁၆ ခုနှစ်တွင် အနိုင်ယူခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ဂျိုးဘိုင်ဒန်ကို အရေးနိမ့်ခဲ့သည်။

ယခု ၂၀၂၄ ရွေးကောက်ပွဲတွင် ထရမ့်က “အမေရိကန်နိုင်ငံကို ပြန်ကြီးကျယ်လာအောင် လုပ်မယ်”ဟူသော ကြွေးကြော်သံဖြင့် ဒုတိယသမ္မတကမ်မလာဟဲရစ်နှင့် ယှဉ်ပြိုင်အနိုင်ရခဲ့ပြန်သည်။

နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ လက်ရှိအချိန်တွင် သမ္မတလောင်း ထရမ့်က ၎င်းသမ္မတဖြစ်ရန် လိုအပ်သည့် ပြည်နယ်အဆင့် သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲအရေအတွက် ၂၇၀ မဲအနက်မှ ၂၆၆ မဲကို ရရှိထားပြီ ဖြစ်၍ သမ္မတဖြစ်ရန် သေချာသလောက်နီးပါး ဖြစ်လာသည်။

၎င်း၏ ပြိုင်ဘက်ဖြစ်သူ ကမ်မလာဟဲရစ်မှာမူ ကိုယ်စားလှယ်မဲ ၁၈၈ မဲသာ ရရှိထားဆဲ ဖြစ်သည်။

ရွေးကောက်ပွဲနိုင်လျှင် အောင်ပွဲခံရန် စီစဉ်ထားသည့် ယနေ့ည ရွေးကောက်ပွဲပါတီတွင် ကမ်မလာဟဲရစ် မိန့်ခွန်းပြောတော့မည် မဟုတ်ကြောင်း ဒီမိုကရက်တစ်ပါတီဘက်မှ ကြေညာလိုက်ပြီလည်းဖြစ်သည်။

ယခုနှစ် ရွေးကောက်ပွဲအကြို မဲဆွယ်ကမ်ပိန်းကာလအတွင်း ဒေါ်နယ်ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းမှု နှစ်ကြိမ်အထိ ရှိခဲ့ခြင်းမှာလည်း ထူးခြားမှုတစ်ခုဖြစ်ခဲ့သည်။