BREAKING
December 23, 2024

မောင်းမကန်ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာခန့်ရောက်လာ

November 6, 2024

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တစ်ရာခန့် ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

မောင်းမကန် ရဲစခန်းအနီးတွင် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀နာရီကျော်တွင် ပေါက်ကွဲသံများ ထွက်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။

“ပေါက်ကွဲသံကြားတာနဲ့ တံခါးပိတ်နေလိုက်ကြာတာပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲစခန်းရှေ့တွင် လူနာတင်ယာဉ်တစ်စီးရပ်ထားပြီး ပြန်ထွက်သွားသည်ကို မြင်တွေ့ ရကြောင်း ဒေသခံများက ပြောသည်။ ထို့ကြောင့် ပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်း အသေးစိတ်အခြေအနေကို မသိရသေးပေ။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“မနေ နေ့လယ်က ပေါက်ကွဲမှုဖြစ်ပြီးတာနဲ့ (လက်နက်ကြီး) နှစ်ချက်၊ ညဘက် နှစ်ချက်ပစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီး နောက်တစ်ရက်တွင် အင်အားတစ်ရာခန့် ရှိသည့် စစ်ကောင်စီတပ်သည် မောင်းမကန်ရဲစခန်းတွင် လာ ရောက် အင်အားဖြည့် တပ်စွဲ ထားကြောင်း ဒေသခံတို့က ပြောဆိုသည်။

ထို့ကြောင့် အနီးဝန်းကျင် ကျေးရွာများက ဒေသခံအချို့မှာ နီးစပ်ရာရွှေ့ပြောင်းနေကြသလို ဒေသခံအချို့မှာလည်း အခြေအနေစောင့် ကြည့်နေကြကြောင်း ၎င်းတို့က ဆိုသည်။

လောင်းလုံးမြို့၏ တောင်ဘက်ခြမ်းကျေးရွာများတွင်လည်း အင်းအား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်း ထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။