BREAKING
December 23, 2024

လောင်းလုံးအောက်ဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး

November 6, 2024

လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများဖြစ်သည့် ‌ညောပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်ကျေးရွာတို့ဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ပြောသည်။

ကျောက်နီမော်ရွာ စစ်ကောင်စီတပ်စခန်းက တပ်သားတစ်ဦး နိုဝင်ဘာလ ၃ရက်က လက်နက်နှစ်လက်ယူပြီး ထွက်ပြေး သွားကြောင်း သတင်းထွက်ပေါ်ပြီး နောက်တစ်ရက် နိုဝင်ဘာလ ၄ ရက် ညပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ကျောက်နီမော်ကျေးရွာသို့ ရေလမ်းဖြင့် ရောက်ရှိလာကြောင်း ဒေသခံတို့က ဆိုသည်။

“ကျောက်နီမော်မှာက သူတို့ (စစ်ကောင်စီ) စခန်းက သုံးခုရှိတာကိုး။ အဲဒီမှာ ဘုရားတောင်မှာရှိတဲ့ စခန်းက စစ်သားတစ်ယောက် သေနတ်ယူပြီးထွက်ပြေးသွားတယ်ဆိုပြီး ကျွန်တော်တို့လည်း အဲဒီလိုပဲကြားရတယ်” ဟု ‌အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောသည်။

အင်အား ၆၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ‌ကျောက်နီမော်ကျေးရွာမှတစ်ဆင့် အောက်ကျောက်ဝပ်၊ ညောပြင်ရွာသို့ စစ်ကြောင်းခွဲထွက်သွားပြီး ထိုကျေးရွာနှစ်ရွာရှိ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားကြောင်း ဒေသခံတို့က ပြောဆိုသည်။

ထိုစစ်ကောင်စီစစ်ကြောင်းသည် ရောက်လာသည့်နေ့ကတည်းစပြီး မည်သည့်လှုပ်ရှားမှုမှ မရှိသော်လည်း ယနေ့ နိုဝင်ဘာလ ၆ ရက် နေ့လယ်ပိုင်းတွင်မူ အောက်ကျောက်ဝပ်ကျေးရွာရှိ နေအိမ်များကို မွှေနှောက်ရိုက်ဖျက်နေကြောင်း ‌ဒေသခံတို့က ပြောကြားသည်။

စစ်ကောင်စီစစ်ကြောင်းတွင် ဒရုန်းအဖွဲ့တစ်ခုလည်းပါလာပြီး အဆိုပါဒရုန်းအဖွဲ့မှာ ကျောက်ဝပ်ပြင်ကျေးရွာ ဘုရားတောင်တွင် နေရာယူထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အရင်တုန်းကလည်း အဲဒီနေရာကနေ ဒရုန်းလွှတ်ပြီး ညောပြင်ရွာကို ဗုံးချခဲ့ဖူးတာရှိတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ယခုစစ်ကြောင်းထိုးမှုမှာ လက်နက်ယူထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားကိစ္စနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဒေသခံတို့က ယူဆနေကြသည်။ Dawei Watch အနေဖြင့်မူ ယင်းကိစ္စကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ညောပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင် စသည့် ကျေးရွာတို့က ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှသိရသည်။

တစ်ချိန်တည်းတွင်ပင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းမှာ ယနေ့ နံနက်ပိုင်းတွင် မောင်းမကန်ကျေးရွာ ရဲစခန်းသို့ ရောက်ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။