BREAKING
January 10, 2025

ပုလော ကျေးရွာအုပ်စုတစ်ခုတွင် စစ်ကောင်စီက ရပ်/ကျေး အုပ်ချုပ်ရေးများပြန်ဖွဲ့

November 6, 2024

ပုံစာ- ဇရပ်ဆိပ်ရွာအနီးရှိ ပြည်ထောင်စုလမ်းမတစ်နေရာအား တွေ့ရစဉ်။

ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စုတွင် လတ်တလောနယ်မြေ စိုးမိုးထားသော စစ်ကောင်စီတပ်က ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များဖွဲ့ကာ အုပ်ချုပ်ရေးယန္တရား ပြန်အသက်သွင်းရန် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဇရပ်ဆိပ်အုပ်စုတွင် အုပ်ချုပ်ရေးမှူးပြန်လည်ခန့်ထားပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ကာ စစ်ကောင်စီ၏ ယန္တရားပြန်လည်ပတ်နိုင်ရေးအတွက် လူဦးရေစာရင်း ကောက်နေကြောင်း ၎င်းတို့က ဆိုသည်။

မြိတ်-ထားဝယ်လမ်းပေါ်ရှိ ယင်းကျေးရွာအုပ်စုမှာ ယခင်က ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အချိန်ကြာမြင့်စွာ ထိန်းချုပ်ထားသည့် နယ်မြေတစ်ခုဖြစ်သည်။

သို့သော် အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်သား အင်အားရာချီအသုံးပြုကာ ထိုးစစ်ဆင်လာသည့်အတွက် ယင်းနယ်မြေများမှ နောက်ဆုတ်ပေးလိုက်ရသည်။

“အခုတော့ လမ်း‌မကြီးတစ်လျှောက် သူတို့ရှိနေတယ်။အချိန်မရွေးတိုက်ပွဲက ပြန်ဖြစ်နိုင်တယ်။

အ‌ခြေအနေအရ နောက်ဆုတ်ထားရတာ” ဟု ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇရပ်ဆိပ်ကျေးရွာက မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိပြီး ဇရပ်ဆိပ်၊ကျောက်ကမ်းဖဲ၊တပို၊မိန်းမမြို့ စသည့်ရွာများက ကျေးရွာအုပ်စုအတွင်း ပါဝင်သည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်‌နေသူများကို စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် ရွာအတွင်း ပြန်လည်နေထိုင်ကြရန် ဖိအားပေးပြောဆိုနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ကျေးရွာအတွင်း ပြန်ဝင်ရောက်လာ‌သည့် စစ်ရှောင်အရပ်သားများအား စစ်ကောင်စီတပ်က အမည်စာရင်းကောက်ခံခြင်း၊ ဓာတ်ပုံမှတ်တမ်းယူခြင်း၊ လမ်းနှင့်အိမ်များအား လိုက်ပြ‌စေခြင်းများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

“လူငယ်‌တွေဆို ဓာတ်ပုံရိုက်တယ်လို့ကြားတယ်။ ကျွန်တော်တို့က မဝင်ရဲ‌သေးဘူး။ စစ်မှုထမ်းခေါ်သွားမှ ဒုက္ခ”ဟု အထက်ပါဒေသခံ အမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်သည် ဇရပ်ဆိပ်ကျေးရွာဘုန်းကြီးကျောင်းတွင်တပ်စွဲထားပြီး အုပ်ချုပ်ရေးယန္တရား အသက်သွင်းရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူများ အမြန်ဆုံးပြန်လည် ဝင်ရောက်နေထိုင်ကြရန် ဖိအားပေးနေပြီး ရက်ပိုင်းအတွင်း ပြန်မလာပါက အရေးယူမည်ဟု ခြိမ်းခြောက်နေသည်ဟု သိရကြောင်း ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပုလောမြို့နယ်ရှိ ဇရပ်ဆိပ်အပါအဝင် မီးလောင်ချောင်း၊ ကဒဲ၊ သင်္ကန်းတော စသည့် ပြည်ထောင်စုလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အောက်တိုဘာလ ၁၄ ရက်မှစကာ တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်မှာ ရက် ၂၀ ကျော်လာပြီဖြစ်သည်။