BREAKING
January 11, 2025

မမဘုရား မြို့တွင်းသို့ နေ့ဘက်တွင် အပူဇော်ခံလှည့်လည်မည်

October 6, 2024

ပုံစာ - ပူဇော်ပွဲ စတုတ္ထရက်(အောက်တိုဘာ ၅) ညက တွေ့ရသည့် မမဘုရား အပူဇော်ခံနေသည့်မြင်ကွင်း (စရီးမာရီယမ္မာန်ဘုရားကျောင်း)

ထားဝယ်မြို့ ၊ ရှမ္မလည်ဆွဲ ရပ်ကွက်တွင် တည်ထားသော စရီးမာရီးယမ္မာန်မယ်တော်(ခ)မမဘုရားကို ယခုနှစ်တွင် မြို့တွင်းသို့ နေ့ခင်းဘက် လှည့်လည်အပူဇော်ခံမည်ဟု ဘုရားကျောင်း၏မားသားဆဂွန်းလ် ဂေါပကအဖွဲ့ထံကသိရသည်။

သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာလ ၁၂ ရက် နံနက် ၅ နာရီခွဲတွင် ဘုရားကျောင်းမှ စတင်ထွက်ခွာ၍ မြို့တွင်းရှိ အဓိကလမ်းမကြီးများသို့ လှည့်လည်အပူဇော်ခံမည်ဖြစ်သည်။

” နတ်အိုးရွက်တာ၊ မယ်တော်ပင့်တာတွေကို ဘုရားကျောင်းမှာပဲ အကျဥ်းရုံးလုပ်မယ် ၊ ပြီးတော့ မယ်တော်တစ်ပါးတည်း မြို့ထဲစံမယ်။ဖျော်ဖြေရေးမပါဘူး။ အဓိကလမ်းမတွေပဲသွားမယ် ။ လမ်းကြားတွေမဝင်တော့ဘူး ။ အခြေအနေအချိန်အခါအရလည်း အစီအစဥ်တွေ အပြောင်းအလဲရှိမယ်။ မနက် ၅နာရီခွဲလောက်ထွက်ပြီး ညနေ၄နာရီလောက် ဘုရားကျောင်းပြန်ရောက်အောင် ချိန်ထားတယ် ” ဟု မားသားဆဂွန်းလ်ဂေါပကအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

မမဘုရားပွဲကို နှစ်စဥ် သီတင်းကျွတ်လဆန်း ၁ ရက်မှ သီတင်းကျွတ်လဆန်း ၉ ရက်အတွင်းကျရောက်သည့်နဝရဿရီးကာလတွင် ကျင်းပလေ့ရှိပြီး ၉ ရက်တိုင်တိုင် ဘုရားကျောင်းတွင် အပူဇော်ခံကာ ဆယ်ရက်မြောက်တွင် မြို့တွင်းသို့ညလုံးပေါက် လှည့်လည် လေ့ရှိသည်။

ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်ကတည်းက မလှည့်လည်ဘဲ ရပ်နားထားပြီး လေးနှစ်အကြာ ယခုနှစ်တွင်မှ နေ့ခင်းဘက်ပြောင်းလဲ လှည့်လည်ရန်စီစဥ်ခဲ့ခြင်းဖြစ်သည်။

ထားဝယ် မမဘုရားပွဲ နှင့် ပြိုင်တူကျင်းပသည့် ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ရှိ ဆရီးကာလီယမ္မားမယ်တော် ဘုရားပွဲကိုလည်း ယခုနှစ်တွင် ထီးတင်ပွဲနှင့်အတူ ကျင်းပမည်ဟု ဘုရားကျောင်းပူဂျာရီအဖွဲ့ထံကသိရသည်။

” အောက်တိုဘာလ ၆ ရက်နေ့ စမယ် ၊ ၈ ရက်နေ့ မုခ်ဦးထီးတင်မယ် ၊ ၁၂ ရက်ညနေပိုင်း ဘုရားကျောင်းရှိတဲ့ ရပ်ကွက်ကို တစ်ပတ်လှည့်မယ် ။ အရင်လို တစ်ရွာလုံး ညလုံးပေါက်မလှည့်တော့ဘူး ” ဟု ပူဂျာရီအဖွဲ့ခေါင်းဆောင်ကပြောသည်။

မမဘုရားပွဲတော်သည် ထားဝယ်ဒေသ၏ ပွင့်လင်းရာသီပွဲဦးထွက်ပွဲတော်တစ်ခုဖြစ်ပြီး ကိုဗစ်မတိုင်မီက ဖျော်ဖြေရေးအစီအစဥ်များဖြင့် ကျင်းပစဥ်က ညလုံးပေါက်စည်ကားသည့် နာမည်ကျော်ပွဲတော်တစ်ခုဖြစ်ခဲ့သည်။

ထားဝယ်မြို့တွင် လူသိများထင်ရှားသည့် သီတင်းကျွတ် သပိတ်မျှောပွဲကိုလည်း ယခုနှစ်တွင် ဖျော်ဖြေရေးအစီအစဥ်များဖြင့် သီတင်းကျွတ်လဆန်း ၁၄ ရက် ညလုံးပေါက်ကျင်းပမည်ဟု ထားဝယ်လူမျိုးစုစည်းမှုကော်မတီ၏ လူမှုကွန်ရက်တွင် စက်တင်ဘာလ ၂၅ ရက်က ဖော်ပြထားသည်။

ကိုဗစ်ကာလတွင် ရပ်နားကာ ပြီးခဲ့သည့်နှစ်ကစ၍ ပြန်ကျင်းပသည့် ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကိုလည်း ယခင်နှစ်အစီအစဥ်အတိုင်း ဖျော်ဖြေရေးအစီအစဥ်မပါဘဲ တန်ဆောင်မုန်းလဆန်း၁၄ ရက် နေ့ခင်းဘက်တွင် ကျင်းပမည်ဟု ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြေညာထားသည်။