BREAKING
October 18, 2024

ထားဝယ်တွင် လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်က ပြည်သူများထံမှ ငွေညှစ်

October 6, 2024

ပုံစာ - ဘုရားလှည့်ပွဲတွင်လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

ထားဝယ်မြို့တွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွား၊ လမ်းလာများထံမှ ငွေညှစ်နေကြောင်း ကိုယ်တိုင်ကြုံရသူတို့က ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ထားဝယ်မြို့တွင် တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက်ပုံစံဖြင့် သန်းခေါင်စာရင်း ကောက်ခံနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့အနှံ့လုံခြုံရေး တင်းကြပ်ထားသည်။

မြို့ထဲလမ်းဆုံများတွင် တာဝန်ကျသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဖြတ်သန်းသွားလာနေကြသည့် ကား၊ ဆိုင်ကယ်များကိုတားဆီးစစ်ဆေး‌ပြီး မိုက်ကြေးခွဲနေခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံရသူတို့က ဆိုသည်။

“လိုင်စင်လည်းအစုံပါတယ်။ ဘာပြစ်မှုမှ မရှိဘဲနဲ့ကို လက်ဖက်ရည်ဖိုးပေးခဲ့ဆိုပြီး ပေါ်တင်တောင်းတာ။ ငါးထောင်(ကျပ်)ပေးခဲ့ရတယ်” ဟု စက်တင်ဘာလ ၅ ရက်နေ့က ထားဝယ်ဘုရားကြီးနား ကိုယ်တိုင်ငွေညှစ်ခံရသည့် ကားသမားတစ်ဦးကဆိုသည်။

ယင်းအပြင် အခြားကားသမားတစ်ဦးမှာလည်း ယာဉ်မောင်းလိုင်စင်ယူစစ်ပြီး ပြန်မပေးတော့သဖြင့် ငွေကျပ်တစ်သောင်းဖြင့် ရွေးယူခဲ့ရသည်ဟုဆိုသည်။

၎င်းကားသမားမှာ စက်တင်ဘာလ ၄ ရက်က တိုင်းတရားလွှတ်တော်ရုံးအနီးတွင် ငွေညှစ်ခံရခြင်းဖြစ်သည်။

“ပိုက်ဆံတောင်းတဲ့သူတွေက ထားဝယ်စကားသံ‌ပြောတယ်။ မျက်နှာကိုတော့ ဘယ်သူမှန်းမသိအောင် ဖုံးထားတယ်” ဟု၎င်းကဆိုသည်။

ယခင်က မြို့ထဲရှိ လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လုံခြုံရေးချထားလေ့ရှိသော်လည်း အင်အားနည်းသည့်အပြင် ငွေကြေးတောင်းခံခြင်းလည်းမရှိကြောင်း မြို့ခံတို့ကဆိုသည်။

သန်းခေါင်စာရင်းကောက်ခံသည့် အချိန်မှစပြီး အင်းအားလည်းများလာပြီး ငွေကြေးတောင်းခံသည်များ ကြုံတွေ့လာရရခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောဆိုသည်။