BREAKING
October 16, 2024

ထိုင်းတောင်ပိုင်းက မြန်မာစာသင်ဝိုင်းကို ဝင်စစ်၊ ထားဝယ်ဒေသခံ CDM ဆရာမ ဖမ်းဆီးခံရ

October 6, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ရှိ အုန်းတောထဲတွင် မြန်မာကလေးငယ်များ ပညာသင်ယူနေသော စာသင်ဝိုင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး ထားဝယ်ဒေသခံ မြန်မာဆရာမကို ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူများနှင့် ထိုင်းသတင်းဌာနများထံမှ သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် ဝင်ရောက်စစ်ဆေးခဲ့သည့် ယင်းစာသင်ဝိုင်းတွင် မြန်မာကလေးငယ် ငါးဆယ်ခန့် ပညာသင်ယူနေကြပြီး မြန်မာနိုင်ငံသင်ရိုးအတိုင်း ယင်းဆရာမက သင်ကြားပေးနေခြင်းဖြစ်ကြောင်း နီးစပ်သူများနှင့် ထိုင်းသတင်း၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာစာသင်ဝိုင်းဖွင့်လှစ်ထားခြင်းသည် ဥပဒေနှင့် မညီဟုဆိုပြီး ကလေးများကို စာသင်ပေးနေသော အသက် ၃၇ နှစ်အရွယ် မြန်မာဆရာမကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာန Khaosod သတင်းတွင် ဖော်ပြထားသည်။

ဆရာမသည် ထားဝယ်ခရိုင် ဒေသခံတစ်ဦးဖြစ်ပြီး CDM ဆရာမတစ်ဦးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

အနီးအနားက မြန်မာအလုပ်သမားများ၏ ကလေးငယ်များကို ခေါ်ယူပြီး ပညာသင်ကြားပေးနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“အရင်က စူရတ်က သတင်းတွေကြားကတည်းက ကျွန်မလည်း စာဆက်မသင်ရဲတော့ဘူး။ နားလိုက်ပြီ။ မလွယ်ပါဘူး။ ဘဝတွေကလည်း” ဟုနီးစပ်သူတစ်ဦးက ဆိုသည်။

မြန်မာစာသင်ဝိုင်းကို သင်ကြားနေသည်မှာ ၁ နှစ်နှင့် ၈ လခန့်ရှိနေပြီဖြစ်ကြောင်း မြန်မာဆရာမ၏ ဖြေကြားချက်ကို ထိုင်းသတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာဆရာမကို လုပ်ပိုင်ခွင့်ထက် ကျော်လွန်သောအလုပ်တွင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် အရေးယူထားပြီး နာ့ဆက်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။

ထို့အပြင် သင်ကြားရေးတွင် အသုံးပြုနေသော မြန်မာစာအုပ်များ၊ စာရေးကိရိယာများ၊ မာကာဘောပင်များ၊ ပေတံများကိုလည်း ထိုင်းအာဏာပိုင်များက သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် လူမျိုး၊ ဘာသာမခွဲခြားဘဲ ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရှိသည်ဟု ပြဌာန်းထားသော်လည်း မြန်မာကလေးငယ်များ ပညာသင်ယူနေသော ကျောင်းများကို ဆက်တိုက်ပိတ်သိမ်းနေခဲ့ရာ ပြီးခဲ့သောလက စူရတ်ဌာနီရှိ မေတ္တာရိပ်စာသင်ကျောင်းကို ပိတ်စေခဲ့သဖြင့် ကျောင်းသား ၁၂၀၀ ကျော် ပညာသင်ယူရန် အခက်အခဲဖြစ်နေသည်။