ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့အထိ
အင်ဒိုနီးရှားတွင် မြန်နှုန်းမြင့် ကျည်ဆန်ရထားဖွင့်လှစ်

အင်ဒိုနီးရှားနိုင်ငံ မြို့တော်နဲ့ Bandung မြို့ နဲ့ ဆက်သွယ်ထားတဲ့ မြန်နှုန်းမြင့် ကျည်ဆံရထားလမ်းကို အောက်တိုဘာ ၂ ရက်နေ့က အင်ဒိုနီးရှားသမ္မတ Joko Widodo က ဖွင့်လှစ်ပေးခဲ့ပါတယ်။
ရထားလမ်းကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုး အကုန်ကျခံတည်ဆောက်ထားတာပါ။
အရှေ့တောင်အာရှမှာတော့ အင်ဒိုနီးရှားက ပထမဆုံး ကျည်ဆံရထားကို ပြေးဆွဲတာဖြစ်ပြီး အင်ဒိုနီးရှားနဲ့ တရုတ်ကုမ္ပဏီတွေပူးပေါင်း တည်ဆောက်ခဲ့ပါတယ်။
ဒီကျည်ဆန်ရထားဟာ တနာရီကို ကီလိုမီတာ ၃၅၀ မိုင်နဲ့ဆိုရင် ၂၂၀ နီးပါး မောင်းနှင်နိုင်ပါတယ်။
ကျည်ဆံရထား အမြန်နှုန်း အသံကို အစွဲပြုပြီး “Whoosh” လို့အမည်ပေးထားပါတယ်။
Ref: REUTERS
………………………………..
အိန္ဒိယက ကနေဒါသံတမန် ၄၀ ခန့်ကို ထွက်ခွာဖို့ အမိန့်ထုတ်

အိန္ဒိယမှာရှိတဲ့ ကနေဒါ သံတမန် ၄၀ ဦးခန့်ကိုဖယ်ရှားဖို့ စက်တင်ဘာ ၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ကနေဒါနဲ့ အိန္ဒိယတို့က အကြီးတန်းသံတမန်တွေကို အပြန်အလှန်နှင်ထုတ်ကြပြီးတဲ့နောက် အိန္ဒိယက ခုလို လုပ်လိုက်တာပါ။
ဆစ်ခွဲထွက်ရေးခေါင်းဆောင် ထဟားဒိဘ် ဆင်း နစ်ဂျား (Hardeep Singh Nijjar) ကို သတ်ဖြတ်ခဲ့မှုမှာ အိန္ဒိယက ပါဝင်ပတ်သက်နေတယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က ပြောပြီးတဲ့နောက် သံတမန်တွေကို အပြန်အလှန် နှင်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
နောက်တော့ ကနေဒါ-အိန္ဒိယ သံတမာန်ဆက်ဆံရေးဟာ နီးနီးကပ်ကပ်ရှိလာရာကနေ တင်းမာလာခဲ့ကြပါတယ်။
Ref: BBC
………………………………..
အမေဇုန်မြစ်အတွင်း လင်းပိုင် ၁၅၀ ကောင် သေဆုံး

ဘရာဇီးနိုင်ငံ အမေဇုန်မြစ်အတွင်းက အမေဇုန်မြစ်လင်းပိုင်အကောင် ၁၅၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အယ်နီညိုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ပြီး အပူချိန်ပြင်းထန်တဲ့အတွက်ကြောင့်လို့ ပညာရှင်တွေက ခန့်မှန်းထားတာပါ။
ရေက ပူနွေးလာရင် လင်းပိုင်တွေအတွက် မခံမရပ်နိုင်အောင် ဖြစ်စေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
အမေဇုန်မြစ်လင်းပိုင်တွေ အတော်များများဟာ ပန်းရောင်ရှိပြီး တမူထူးခြားတဲ့ ရေချိုငါးမျိုးစိတ်ဖြစ်သလို တောင်အမေရိကမှာပဲ တွေ့ရှိရပါတယ်။
လင်းပိုင်အကောင် ၇၀ လောက် ရေပေါ်ပေါ်ရင်း သေဆုံးနေတာကို တွေ့တဲ့အချိန် မြစ်ရေအပူချိန်ဟာ ၃၉ ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်နေခဲ့တာဖြစ်ပါတယ်။
Ref: The Washington Post
………………………………..
နော်ဝေးစာရေးဆရာ Jon Fosse စာပေနိုဘယ်ဆု ရရှိ

ဒီနှစ် ၂၀၂၃ ခုနှစ်အတွက် စာပေနိုဘယ်လ်ဆုရှင်အဖြစ် နော်ဝေနိုင်ငံသား စာရေးဆရာ Jon Fosse ကို ရွေးချယ်လိုက်ပါတယ်။
အသက် ၆၄ နှစ်အရွယ် Jon Fosse ဟာ နော်ဝေး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ အသုံးပြုတဲ့ New Norwegian လို့ လူသိများတဲ့ ဘာသာစကားနဲ့ စာတွေ၊ ဝတ္ထုတွေကို ရေးလေ့ရှိသူပါ။
နိုဘဲလ်ဆုဟာ အဲဒီ ဘာသာစကား ဖွံ့ဖြိုးရေး ကြိုးပမ်းမှုတွေအတွက် ချီးမြှင့်ခံရတာလို့ လက်ခံထားကြပါတယ်။
ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေ နိုဘယ်လ် ဆုရှင်တွေကို ဆွီဒင်နိုင်ငံ တော်ဝင်သိပ္ပံ အကယ်ဒမီက ဒီတစ်ပတ်ထဲ ကြေညာခဲ့တာဖြစ်ပါတယ်။
Ref: BBC
………………………………..
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ ရာထူးက ဖြုတ်ချခံရ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီဟာ အောက်တိုဘာ ၃ ရက်နေ့က လက်ရှိရာထူးက ဖြုတ်ချခံလိုက်ရပါတယ်။
ဒါဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တာပါ။
သူဟာ အစိုးရအသုံးစရိတ်တွေကို ခက်ခက်ခဲခဲ အတည်ပြုခဲ့ရပြီး ရစ်ပါဘလင်ကန်အမတ်တွေက အသုံးစရိတ်တွေကို သိသိသာသာ လျှော့ချခိုင်းခဲ့ပါတယ်။
ဒါကို ဒီမိုကရက်တစ်အမတ်တွေရဲ့ ထောက်ခံမှုနဲ့ ယာယီအသုံးစရိတ်ကို သဘောတူခဲ့ပါတယ်။
ဒါကို လွှတ်တော်အမတ် မက်တာဂေ့စ်က ဦးဆောင်ပြီး ရစ်ပါဘလင်ကန်အမတ်တွေက ထောက်ခံမဲ ၂၁၆ မဲ ကန့်ကွက်မဲ ၂၁၀ နဲ့ ဖြုတ်ချခဲ့ပါတယ်။
Ref: BBC
………………………………..
ထိုင်ဝမ်ကို ပိတ်ဆို့လျှင် တန်ဖိုးပေးဆပ်ရမယ်လို့ တရုတ်ကို အမေရိကန်သတိပေး

ထိုင်ဝမ်ကို ပိတ်ဆို့ဟန့်တားမယ့် တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုမှန်သမျှက ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရမှာဖြစ်တယ်လို့ အောက်တိုဘာ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။
တရုတ်အနေနဲ့ တန်ဖိုးကြီးကြီး ပြန်လည် ပေးဆပ်ရမှာဖြစ်သလို အန္တရာယ်ကလည်း အလွန်ကို များပါတယ်လို့ လက်ထောက်အတွင်းဝန် Ely Ratner က ပြောလိုက်တာပါ။
ဧပြီလက တရုတ်စစ်တပ်ကနေ စစ်ရေးလေ့ကျင့်မှုအများအပြားကို နောက်ဆုံး ပြုလုပ်ထားပါတယ်။
ဒါက ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ဖို့ လေ့ကျင့်ပြင်ဆင်တာလို့ ဆိုပါတယ်။
ထိုင်ဝမ်ကို ပိတ်ဆို့အရေးယူရင် ခဏမှာပဲ ကမ္ဘာ့စီးပွားရေး ကျဆင်းသွားမှာပြီး တရုတ်ကြောင့်ဖြစ်လာတဲ့ စီးပွားရေးအကျပ်အတည်းဒဏ်ကို နိုင်ငံတိုင်းခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Taiwan News
………………………………..
အမေရိကန်-မက္ကဆီကို နယ်စပ်ခြံစည်းရိုး တိုးချဲ့ဆောက်လုပ်မည်

မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်မှာ တံတိုင်းထပ်မံ တိုးချဲ့ဆောက်လုပ်ဖို့ သမ္မတဂျိုးဘိုင်ဒန်အစိုးရကနေ ကြေညာလိုက်ပါတယ်။
မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေးဟာ သမ္မတဒေါ်နယ်ထရန့်ရဲ့ ထင်ရှားတဲ့ မူဝါဒတစ်ခုပါ။
သမ္မတ ဂျိုးဘိုင်ဒန်က တံတိုင်းဆောက်ဖို့ ငွေတွေဟာ အရင်ကတည်းက ဥပဒေပြု ပြဌာန်းထားပြီးဖြစ်တဲ့အတွက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ဒီငွေတွေက နယ်စပ်တံတိုင်းဆောက်ဖို့သတ်မှတ်ထားတာဖြစ်ပြီး ပြဌာန်းထားတဲ့အတိုင်း အသုံးပြုရုံကလွဲပြီး အခြားနည်းလမ်းမရှိပါဘူးလို့ ဆိုထားပါတယ်။
Ref: REUTERS
………………………………..
အမေရိကန်အကျဉ်းစခန်းတွင် အကျဉ်းသား ၂၄ ယောက် ဘွဲ့ရ

အကျဉ်းကျခံနေရစဉ် ပညာသင်ကြားရင်း ဘွဲ့ရခဲ့တဲ့ အကျဉ်းသား ၂၄ ဦးအတွက် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အကျဉ်းထောင်မှာ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့ပါတယ်။
ဆန်ဒီယေဂိုမြို့မှာရှိတဲ့ ရစ်ချက်ဂျေဒိုနိုဗန် ပြုပြင်ထိန်းသိမ်းရေးစခန်းမှ အကျဉ်းသားတွေဟာ လူမှုဗေဒနဲ့ စာပေဘာသာရပ်တွေနဲ့ ဘွဲ့ယူခဲ့ကြတာပါ။
ထောင်ကျဖူးသူတစ်ယောက်က ၃ နှစ်အတွင်း လူ့အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ရောက်နိုင်ခြေထက် ထောင်ထဲ ပြန်ရောက်နိုင်ခြေ ၄၈ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။
အခုချိန်ထိ အကျဉ်းသား ၁၅၀၀ ကို ပညာသင်ကြားခွင့် ပေးအပ်ခဲ့ပြီး လူ့အဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်နိုင်ခြေကို မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
Ref: kpbs
………………………………..
ထူးဆန်းရောဂါတစ်ခုကြောင့် ကင်ညာကျောင်းသူ ၉၅ ဦး ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရဖြစ်နေ

ကင်ညာနိုင်ငံမှာ ထူးဆန်းတဲ့ရောဂါတစ်မျိုးကြောင့် အထက်တန်းကျောင်းသူ ၉၅ ယောက် ခန္ဓာကိုယ် အောက်ပိုင်းလှုပ်ရှားမရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။
ကာကာမီဂါမြို့မှ စိန့်ထရီဆာအီရီဂီ မိန်းကလေးကျောင်းရဲ့ ကျောင်းသူ ၉၅ ဦးဟာ ပြီးခဲ့တဲ့အပတ်တွေထဲ အောက်ပိုင်းလှုပ်မရတော့လို့ ဆေးရုံရောက်ခဲ့ကြပါတယ်။
စိုးရိမ်ထိတ်လန့်နေတဲ့ မိဘတွေက ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို ဖြေရှင်းချက်ထုတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။
မိန်းကလေးတွေဟာ ခြေထောက်တွေ ထုံကျင်ပြီး လှုပ်ရှားမရ ဖြစ်ခဲ့တာကြောင့် ဘီးတပ်ကုလားထိုင် အသုံးပြုနေရပါတယ်။
သွေး၊ ဆီး၊ ကျင်ကြီး နမူနာယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကျန်းမာရေးအကြီးအကဲက ပြောထားပါတယ်။
Ref: NDTV
………………………………..
ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်း အရှေ့မြောက်ပိုင်းမှာ လူ ၅၁ ဦး သေဆုံး

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက ရွာတစ်ရွာမှာ ရုရှားရဲ့ အောက်တိုဘာ ၅ ရက်နေ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅၁ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
ခါကိဗ်ဒေသရှိ ဟရိုဇာ (Hroza) ရွာမှာ ဆိုင်တဆိုင်နဲ့ ကော်ဖီဆိုင်တစ်ဆိုင် ထိခိုက်ခဲ့တာပါ။
သေဆုံးသူတွေထဲမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့သလို ဒဏ်ရာရသူတွေထဲမှာလည်း ကလေးငယ်တစ်ဦးပါဝင်ပါတယ်။
ရုရှားတပ်တွေက ရွာရှိ စတိုးဆိုင်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာြဖစ်ပါတယ်လို့ သမ္မတက ရေးသားခဲ့ပါတယ်။
Ref: The Guardian
………………………………..