မြိတ်မြို့၊ အနောက်လယ်ရပ်ကွက် အမှတ် ၁ ဘောတံတားတွင် မနေ့ (အောက်တိုဘာ ၅) ည ၁၁ နာရီအချိန်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။
အဆိုပါ ဘောတံတားတွင် ညစောင့်အဖြစ် လုပ်ကိုင်နေသည့် အသက် ၄၀ နှစ်ခန့်ရှိ ကိုဝတုတ်ဆိုသူ အမျိုးသား သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။
“ညနက်နေပြီဆိုတော့ သေနတ်သံတွေ ဘာတွေတော့ မကြားရဘူး၊ မနက်လင်းမှ သေနတ်ပစ်သတ်ခံရတာလို့ သိရတယ်။ သူက အနေအေးတဲ့သူပါ၊ ကြားရတာ စိတ်တောင်မကောင်းဘူး” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
အဆိုပါ ညစောင့်အမျိုးသားကို ပျူစောထီးအဖွဲ့က လာရောက်ပစ်ခတ်ပြီး အလောင်းအား သယ်ယူသွားခြင်းဖြစ်ကြောင်း တံတားရှိ အလုပ်သမားအချို့က ဆိုသည်။
“တံတားကလူတွေက ဒီလိုပဲ ပြောဆိုသံတွေ ကြားရတာပဲ၊ အတိအကျတော့ မသိဘူးဗျ” ဟု တံတားရှိ အလုပ်သမားတစ်ဦးကပြောသည်။
သို့သော် မည့်သည့်အဖွဲ့က မည့်သည့်အတွက်ကြောင့် လာရောက်ပစ်သတ်သွားခြင်းကို Dawei Watch အနေဖြင့်သီးခြား အတည်မပြုနိုင်သေးပေ။
သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကိုဝတုတ်ဆိုသူတွင် ဇနီးနဲ့ သားသမီးသုံးဦး ကျန်ရစ်ခဲ့ကြောင်း အနောက်လယ်ရပ်ကွက်နေသူအချို့က ဆိုသည်။