စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှသိရသည်။
ထားဝယ်မြို့နယ် ပကာရီကျေးရွာအုပ်စု ၊ ရေဝိုင်းကျေးရွာနှင့် မောင်မယ်ရှောင်ကျေးရွာအုပ်စု ၊ ပခပ်အင်းရွာတို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထိတွေ့တိုက်ပွဲများတွင် နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးကြောင်း နီးစပ်သူများက အတည်ပြုပြောဆိုသည်။
“ ကျသွားတဲ့တစ်ယောက်က အဖမ်းခံရပြီးမှ အသတ်ခံလိုက်ရတယ်။ ပခပ်အင်းမှာကျသွားတာပါ “ ကျဆုံးသွားသည့် ရဲဘော်နှင့်နီးစပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ထားဝယ် ပကဖ အဖွဲ့တစ်ခုဖြစ်သည့် DGRF အဖွဲ့မှ ရဲဘော်တစ်ဦးကို လက်နက်များနှင့်အတူ အသေဖမ်းဆီးရမိကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။
DGRF အဖွဲ့ ထံဆက်သွယ်မေးမြန်းရာ လောလောဆယ် အခြေအနေရှုပ်ထွေးနေသေးသဖြင့် ပြောကြားနိုင်ခြင်းမရှိသေးကြောင်းနှင့် အသေးစိတ်ကို သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း အကြောင်းပြန်သည်။
စက်တင်ဘာလ ၃၀ ရက်က ရေဖြူမြို့နယ် ၊ ဇီးကျရွာအနီး ထားဝယ်အကျဥ်းထောင်အသစ် စီမံကိန်းပတ်ဝန်းကျင်တွင် ထောင်ဝန်ထမ်း ၂ ဦးအသတ်ခံရပြီး အကျဥ်းသား ၅ ဦးလွတ်မြောက်သွားပြီးနောက် အောက်တိုဘာလ ၁ ရက်တွင် စစ်ကောင်စီတပ်က ထားဝယ်မြို့၏ အရှေ့မြောက်ဘက်ရှိ ရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၃၀၀ နီးပါးရှိပြီး ယနေ့(အောက်တိုဘာ ၆)အထိ ရေဝိုင်းရွာပတ်ဝန်းကျင်တွင် ရှိနေသေးကြောင်း ဒေသခံတို့ကဆိုသည်။
ယင်းစစ်ကြောင်းနှင့်အတူ ဒေသခံအမျိုးသား ၃ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးကပြောသည်။
ထားဝယ်မြို့နယ် ၊ ပကာရီကျေးရွာအုပ်စု၊ ဟာမြင်းကြီးကျေးရွာအုပ်စုနှင့် မောင်မယ်ရှောင်ကျေးရွာအုပ်စုများမှ ကျေးရွာ အချို့က ရွာသားအများစုသည် အောက်တိုဘာလ ၁ ရက်နေ့ စစ်ကြောင်းစဝင်လာကတည်းက ထွက်ပြေးတိမ်းရှောင်နေကြသည်။