BREAKING
September 16, 2024

သံဖြူဇရပ်တွင် နှစ်ပတ်အတွင်း ဒေသခံငါးဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရ

September 6, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည့် ရဲတံခွန်ကျေးရွာဘက်တွင် နှစ်ပတ်အတွင်း ဒေသခံ ငါးဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတစ်လျှောက်နှင့် အနီးနားကျေးရွာတို့တွင် ပြီးခဲ့သည့် ဇူလိုင်လကတည်းက စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအနီးအနားတို့တွင် တပ်စွဲထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ဘက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းတို့ကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ တပ်စွဲထားသည့်နေရာတို့ကို ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွား လာပြီးနောက် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ်လည်း ဆက်တိုက်ဖြစ်ပွားလာသည်။

ဩဂုတ်လနောက်ဆုံးအပတ်နှင့် စက်တင်ဘာလပထမအပတ်အတွင်းတွင် သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်းကျေးရွာ အနီးဝန်း ကျင် ရော်ဘာခြံတို့တွင် အမျိုးသားသုံးဦး မြေမြှုပ်မိုင်းနင်းမိပြီး မိုင်းစထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အလားတူ အောင်သာယာကျေးရွာတွင်လည်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံတို့က ဆိုသည်။

မြေမြှုပ်မိုင်းနင်းမိသူများသည် ရွာအနီးဝန်းကျင်ရှိ ရော်ဘာခြံတို့တွင် ဝဥ၊ မှို၊ ထင်း သွားရှာစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဥယျာဉ်ခြံကိုသာ အဓိကထားလုပ်ကိုင်စားသောက်နေကြရသည့်ဒေသခံများမှာ မိုင်းဖြစ်စဉ်တို့ကြောင့် ခြံသွားရန်နှင့် တောထဲ သွားပြီး လုပ်ကိုင်စားသောက်ရန် စိုးရိမ်ထိတ်လန့်နေကြသဖြင့် အခက်အခဲကြုံတွေ့နေကြရကြောင်း ဒေသခံတို့က ဆိုသည်။

“မိုင်းနင်းမိတာ ခဏခဏဖြစ်နေတော့ ဘယ်သူမှလည်း ခြံထဲမသွားရဲတော့ဘူး။ ဒီဘက်ကလူတွေကလည်း အဓိက ခြံပဲလုပ် ကြတယ်။ မိုင်းတွေက ဘယ်သူထောင်တယ်ဆိုတော့ ကျွန်တော်တို့လည်း မသိဘူး။ အဲဒီနေရာတွေက အများသွားလာနေတဲ့ နေရာဖြစ်လို့ မဖြစ်သင့်ဘူး။ တိုက်ပွဲဆို ရှောင်လို့ရသေးတယ်။ အခုက ဘာမသိ ညာမသိ သွားရင်း လာရင်းနဲ့ အခန့်မသင့်ရင် သေသွားနိုင်တယ်။ ဘဝပျက်သွားနိုင်တယ်” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှုဆက်တိုက်ဖြစ်ပွားနေသည့်နေရာတို့သည် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်နေသည့် နေရာများ ဖြစ်သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကလည်း လှုပ်ရှားသွားလာနေသည့် နယ်မြေများလည်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်သည့် ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ရေးမြို့နယ်တို့တွင် မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိသည်။

လဂွန်းအိမ်စာစဉ်က ပြုစုထားသည့်အချက်အလက်များအရ မွန်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ဒဏ်ရာရသူများတွင် ခြေထောက်ဖြတ်တောက်ခံခဲ့ရသူလည်း ရှိခဲ့သည်။

ကုလသမဂ္ဂ ကလေးသူငယ်များအရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၂၀ ဦးကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၆၀၀ ဦးကျော် ရှိကြောင်း သိရသည်။