BREAKING
September 16, 2024

အွန်လိုင်းဈေးသည် မြန်မာ ၁၀ဦး ဘန်ကောက်မြို့အနီး ဖမ်းဆီးခံရ

September 6, 2024

အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းချနေသော မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းလဝကရဲတပ်ဖွဲ့များက ဘန်ကောက်မြို့အနီးရှိ နွန်ထဘူရီခရိုင်တွင် စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများ အုပ်စုလိုက် အခန်းငှားထားကြပြီး ဈေးကြီးပစ္စည်းများ လက်ဝယ်ရှိနေကြသည်ဟု တိုင်ကြားမှု ရရှိခဲ့သဖြင့် လဝကရဲတပ်ဖွဲ့များက အခန်းတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသားငါးဦးနှင့် အမျိုးသမီးငါးဦးပါဝင်ပြီး ၎င်းတို့အနက် နှစ်ဦးသာ နေထိုင်ခွင့် အထောက်အထား များရှိကြကာ ကျန်သူများတွင် တရားဝင် နေထိုင်ခွင့်အထောက်အထားများ မရှိကြကြောင်း ဆိုသည်။

အွန်လိုင်းဈေးရောင်းရာတွင် အသုံးပြုသော I Pad ၊ I Phone များနှင့် ထိုင်းဘဏ်စာအုပ်များကိုလည်း သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဘဏ်စာအုပ်တွင် အွန်လိုင်းဈေးရောင်းချရာမှ လည်ပတ်နေသည်ဟု ယူဆထားသော ဘတ်ငွေ နှစ်သိန်းကိုလည်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ဘက်က ဆိုသည်။

အွန်လိုင်းဈေးရောင်းမှုကို အသက် ၂၅ နှစ်အရွယ် ကိုမင်းသန့်နှင့် မနန်းသီရိမွန်တို့ မြန်မာစုံတွဲက ဦးစီးလုပ်ဆောင်ခဲ့ပြီး ပတူနမ်က အဝတ်ထည်များကို ယူရောင်းနေခြင်းဖြစ်ကြောင်း မြန်မာစုံတွဲက ထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

အခြားမြန်မာနိုင်ငံသား ရှစ်ဦးသည် လတ်တလော ထိုင်းနိုင်ငံအတွင်းသို့ ဝင်လာသော ဆွေမျိုးများဖြစ်ကြပြီး အခက်အခဲ ဖြစ်နေချိန် အလုပ်ပေးထားခြင်းသာဖြစ်ကြောင်း မြန်မာစုံတွဲက ထွက်ဆိုထားကြောင်းလည်း ဖော်ပြသည်။

အွန်လိုင်းက ဈေးရောင်းချမှုသည် တရားမဝင်ဖြစ်နေသည်ကိုလည်း မသိရှိကြဟု ဖြေကြားထားကြောင်း သတင်းများတွင် ဖော်ပြသည်။

လုပ်ပိုင်ခွင့်မရှိသော အလုပ်များ လုပ်ကိုင်နေမှု၊ တရားမဝင် နေထိုင်မှုများဖြင့် ၎င်းတို့ကို ဘန်ယိုင်ရဲစခန်းတွင် အမှုဖွင့် ထားပြီး ဥပဒေအရ အရေးယူပြီးလျှင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

အွန်လိုင်းဈေးရောင်းချမှုသည် ပြင်ပဈေးရောင်းချခြင်းကဲ့သို့ ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသား အလုပ်သမားများ လုပ်ပိုင်ခွင့်မရှိသော အလုပ်များဖြစ်ကြောင်း ရေးသားထားသည်။

Ref: fm 91, 3 Plus News