BREAKING
January 13, 2025

ဘုတ်ပြင်း ချောင်းမွန်ရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံး

September 6, 2024

ပုံစာ - ဘုတ်ပြင်း-ကော့သောင်း ကားလမ်းပေါ်ရှိ ချောင်းမွန်ရွာ (ပုံဟောင်း)

ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်း-ကော့သောင်း ကားလမ်းပေါ်တွင် တည်ရှိသည့် ချောင်းမွန်ရွာတိုက်ပွဲတွင် KNLA နှင့် PDF ပူးပေါင်းတပ်တို့ဘက်က တစ်ဦးထိခိုက်သေဆုံးသလို စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုများကြောင်း KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကော်သူးလေတပ်မတော် KTLA စစ်ဆေးရေးဂိတ်တို့ကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၃ရက် နံနက်ပိုင်းမှစတင်ကာ စစ်ကြောင်းထိုးတိုက်ခိုက်ရာမှ ချောင်းမွန်ရွာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည်။

ချောင်းမွန်ရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များ ဘက်ကလည်း ဝင်ရောက်တိုက်ခိုက်သဖြင့် စက်တင်ဘာလ ၃ ရက်၊ ၄ ရက်၊ ၅ ရက် ညအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် ဒေသခံတို့ထံမှ သိရသည်။

အထက်ပါတိုက်ပွဲများတွင် KNLA တပ်ရင်း (၂၀၃) တပ်ခွဲ (၃) က ရဲဘော်တစ်ဦး သေဆုံးပြီး ဘုတ်ပြင်းမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့က ရဲဘော်တစ်ဦးမှာ ခြေထောက်တွင်ဒဏ်ရာရကြောင်း မဟာမိတ်ပူးပေါင်းတပ်တွင် ပါဝင်သည့် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့က ဒုရဲအုပ်လပြည့်က ပြောသည်။

စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း ၎င်းက ဆိုသည်။

“လက်နက်သွားကောက်ခါနီးဆဲဆဲမှာ လက်နက်ကြီးကျလို့ ကျွန်တော်တို့လူတစ်ယောက် ဒဏ်ရာရလို့ ပြန်ဆုတ် လိုက်ရတယ်။ စကစဘက်က သေတာကို မျက်မြင်တွေ့တာ ကားလမ်းပေါ်မှာ လေးငါးခြောက်ယောက်လောက်ရှိတယ်။ စာသင်ကျောင်း ထဲမှာက တစ်ယောက်၊ လူနေအိမ်တစ်လုံးထဲမှာက တစ်ယောက်ပေါ့” ဟု ဒုရဲအုပ်လပြည့်က ပြောသည်။

စစ်ကောင်စီတပ်နှင့် KNLA/PDF မဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများဖြစ်လာသဖြင့် ဒေသခံများရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြောင်း ချောင်းမွန်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“အရပ်သား ထိခိုက်သေဆုံးမှုတော့မရှိဘူး။ နေအိမ်တွေ ထိခိုက်ပျက်စီးမှု ရှိမရှိကတော့ ကျွန်တော်တို့လည်း စစ်ဘေးရှောင် နေရလို့ ရွာထဲကအခြေအနေကို မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ချောင်းမွန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ယင်းရွာနှင့် ခုနစ် မိုင်ခန့်အကွာတွင်ရှိသည့် လေညာတံတား စစ်ဆေးရေးဂိတ်၊ ယင်းနှင့်တစ်ဆက်တည်းရှိသည့် ခမရ ၅၆၀၊ ခမရ ၅၅၉ တပ်ရင်း တို့ကို KNLA နှင့် PDF ပူးပေါင်းတပ်က တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

ယင်းတိုက်ခိုက်မှုတွင် လေညာရွာစာသင်ကျောင်းရှေ့ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၁၇ နှစ်အရွယ် မောင်မြတ်ဟိန်းသူ နေရာတွင်သေဆုံးပြီး ဒေသခံလေးဦး ဒဏ်ရာရခဲ့သည်။

လက်ရှိတွင် ချောင်းမွန်းရွာသို့ စစ်ကောင်စီတပ်က စစ်အင်အားထပ်ဖြည့်ထားကြောင်း မဟာမိတ်ပူးပေါင်းတပ်နှင့် ချောင်းမွန်ရွာက ဒေသခံအမျိုးသားတို့က ပြောသည်။

ထိုအထဲတွင် စစ်တပ်က အငြိမ်းစားယူသွားသည့် စစ်မှုထမ်းဟောင်းများပါသလို စစ်မှုထမ်းသင်တန်းဆင်း တပ်သားအသစ် များလည်း ပါသည်ဟု သိရကြောင်း ချောင်းမွန်ရွာက အထက်ပါ အမျိုးသားက ပြောဆိုသည်။

လေညာတံတားစစ်ဆေးရေးဂိတ်နှင့် ခမရတပ်ရင်းများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသလို ချောင်းမွန်ရွာ ဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကလည်း မဟာမိတ်ပူးပေါင်းတပ်များရှိနိုင်သည့် နေရာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ် လေညာနှင့် ချောင်းမွန်ရွာတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဘုတ်ပြင်း-ကော့သောင်းလမ်းပိုင်း ပြတ်တောက်ပိတ်ဆို့မှုတွေလည်းဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။