ရပ်ကွက်ထဲကို ဆင်းလာခဲ့တယ်။
ဟင်းသီးဟင်းရွက်ဈေးကလေးက အခုမှ ဖွင့်ခါစ။
ကျနော်က မနက်စာအတွက် ပေါင်မုန့်နဲ့ နို့တစ်ဘူးလောက် ဝယ်ဖို့ရာ စတိုးဆိုင်ဆီကို သွားနေတာ။ လမ်းပေါ်မှာ သွားလာနေတဲ့သူတွေကို ကျနော်တွေ့နေရတယ်။ ဆိုင်ကယ်တွေ၊ ကားတွေလည်း သွားလာနေကြတယ်။
ဒီမှာနေနေတာ တစ်နှစ်လောက်ကြာပြီဆိုပေမဲ့ တစ်ယောက်ကိုမှ ကျနော် သိမနေဘူး။
ရင်းနှီးကျွမ်းဝင် ရှိမနေဘူး။ ဒီတော့လည်း ကျနော့်ကို ဘယ်သူကမှ အရေးတယူပြု လှမ်းမနှုတ်ဆက်ကြဘူး။ ကျနော်ကလည်း နှုတ်ဆက်စရာ မရှိဘူး။
ကိုယ့်ကို ဘယ်သူမှ သိမနေတဲ့နေရာ၊ ကိုယ်ကလည်း ဘယ်သူ့ကိုမှ သိမနေတဲ့ နေရာ၊ ဒီလိုအရပ်ဒေသတွေမှာ ကျနော်တို့ နေထိုင်ဖို့သင့်ရဲ့လား၊ ပျော်မွေ့နေတယ်ဆိုရင်တောင် အမှန်တကယ် ပျော်မွေ့နေကြတာ ဟုတ်ပါရဲ့လား။
ဆေးလိပ်လည်းတို
နေလည်းညို
ငါ့ကို ပြန်ပို့ကြပါလေ။ ။
ဆရာကြီး တင်မိုးရဲ့ ‘ဧည့်သည်ကြီး’ ကဗျာကို ကျနော် ရွတ်မိပါတယ်။
လမ်းလျှောက်နေရင်း ဟိုး မိုင်ပေါင်းများစွာဆီက၊ တိုင်းတစ်ပါးဆီက ဇာတိမြေဟာ အတွေးထဲကို ဖျတ်ခနဲ ဝင်လာပါတယ်။ အချိန်ကာလဟာလည်း နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားတယ်။
ရွာထဲက တစ်နေရာရာကို သွားဖို့ အိမ်ကနေ လမ်းပေါ်ကို ထွက်လာလိုက်ရင် ဒေါ်ကြီးတို့အိမ်ကို အရင်ဆုံးရောက်တယ်။ မြေတလင်းပြင်မှာ ဒေါ်ကြီးဟာ အုန်းလက်တံမြက်စည်းကို ရွှမ်းရွှမ်းမြည်အောင် လှဲနေတယ်။
ကျနော်က လမ်းပေါ်ကနေ “ဒေါ်ကြီး ဘာဟင်းချက်လဲဗျ”လို့ လှမ်းအော်နှုတ်ဆက်လိုက်တယ်။
“ဟဲ့ မောင်တာ ဘယ်သွားမလို့လဲ”လို့ ဒေါ် ကြီးက ပြန်နှုတ်ဆက်တယ်။
လမ်းကို ဆက်လျှောက်လာတဲ့အခါ နောက်ထပ်အိမ်တွေဟာ တစ်စီတစ်တန်းပဲ။ ဒီအိမ်တွေအကုန်လုံးဟာ ကျနော် ငယ်ဘဝကနေ တော်တော်ကြီးလာတဲ့အရွယ်အထိ ဝင်ထွက်သွားလာနေကျ။ လည်နေကျ။
တစ်ရွာလုံးနှံ့အောင် လျှောက်သွားကြည့်၊ မရောက်ဖူးတဲ့အိမ်ဆိုတာ မရှိသလောက်ပါပဲ။ အဲဒီမြင်ကွင်းတွေကို ကျနော် လှမ်းပြီး မြင်ယောင်ကြည့်မိနေပါတယ်။
ဘယ်အိမ်မှာ မိသားစု ဘယ်နှယောက်ရှိတယ်၊ ဘယ်သူတွေကတော့ ငါနဲ့ ရွယ်တူ၊ ကျောင်းနေဖက်၊ ဘယ်သူတွေကတော့ ငါ့အစ်ကိုအစ်မတွေနဲ့ သူငယ်ချင်း၊ ဘယ်သူတွေက ဘာအလုပ်လုပ်တယ်၊ စပ်ကြည့်လိုက်ရင် ဆွေမျိုးဘယ်လိုတော်တယ် စသဖြင့် အိမ်ကလေးတွေအကြောင်း၊ မိသားစုတွေအကြောင်း၊ လူတွေအကြာင်း၊ မျိုးရိုးစဉ်ဆက်တွေအကြောင်း ကျနော်တို့ သိနိုင်ကြတယ်။
ယုတ်စွအဆုံး သူတို့တွေရဲ့ ဝင်ငွေတွေကိုတောင် ကျနော်တို့ သိနိုင်ကြပါတယ်။ အကုန်လုံးလိုလိုက တောင်သူတွေဖြစ်ကြတော့ ဒီနှစ် စပါးဘယ်နှတင်း၊ ပဲဘယ်နှတင်း ရကြတယ်ဆိုတာကို သိနေကြပါတယ်။
တစ်ယောက်အကြောင်း တစ်ယောက် သိနေတာဟာ လုံခြုံခြင်းကို ဖြစ်ပေါ်စေပါတယ်။ နွေးထွေးမှုကို ခံစားရပါတယ်။ ကတ်ကတ်သတ်သတ်ပြောရရင် အဲဒီနှစ်တွေတုန်းကပေါ့။ (ဒီကာလခေတ်ပျက်ထဲမှာတော့ ကိုယ်ဘာလုပ်နေမှန်း မသိအောင် သိုဝှက်ကြရတာပါ။)
တိုးတက်မှု၊ အခွင့်အလမ်း၊ ပညာ၊ အလုပ်အကိုင် စတဲ့စကားလုံးတွေနဲ့ တန်ဆာဆင်ယင်ထားတဲ့ ဇာတ်ကြောင်းနဲ့အတူ လူများစွာဟာ ဇာတိရပ်ဝန်းကို စွန့်ခဲ့ကြတယ်။ ဒါက အရင်တုန်းက။ အခုတော့ လွတ်လပ်မှု၊ လုံခြုံဘေးကင်းမှုဆိုတဲ့ စကားလုံးကို ထပ်ပေါင်းကြရတာပေါ့။
အရွယ်ကောင်းကောင်းရလာတဲ့အခါ ကိုယ့်ဘာသာဖန်တီးထားတဲ့ ဘဝလိုအင်တွေ ဖြည့်ဆည်းဖို့၊ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ မြို့ပြကြီးတွေထဲကို တိုးဝင်လာခဲ့ကြတယ်။
မြို့တော်ကြီးမှာ ကျနော်တို့ မသိတဲ့သူတွေချည်း။ လမ်းမပေါ်က ပလက်ဖောင်းပေါ်မှာ လူပေါင်းများစွာ တိုးဝှေ့သွားလာနေကြ။ အကုန်လုံးဟာ သူ့အာရုံနဲ့သူ။
ပြီးတော့ သုတ်သုတ်ပြာပြာ။ လမ်းမပေါ်မှာလည်း ကားတွေက အပြည့်အကျပ်။ ဘက်စ်ကားကြီးတွေအပေါ်မှာလည်း ခရီးသည်တွေက အပြွတ်အသိပ်။ တစ်ယောက်ကိုမှ ကျနော်တို့ မသိကြတော့ပါဘူး။
အနေကြာလာလို့ မိတ်ဆွေ၊ အပေါင်းအသင်းနဲ့ သူငယ်ချင်းတွေ ရလာတယ်ဆိုပေမဲ့ ကျနော်တို့ နေ့စဉ်ဖြတ်သန်းမြင်တွေ့နေရတဲ့ လူပေါင်းများစွာထဲမှာ ကျနော်တို့ သိကြတာက တကယ့်နည်းနည်းလေးပါပဲ။
ဈေးဝယ်အဆောက်အုံကြီးတွေထဲက လူရာထောင်ချီ၊ စင်မြင့်ဖျော်ဖြေပွဲကြီးတွေထဲက ပရိသတ်ထောင်သောင်းချီ၊ အဲဒါတွေထဲမှာ ကျနော်တို့ သိကျွမ်းကြတဲ့သူက လက်တစ်ဖက်စာ ပြည့်ချင်မှ ပြည့်မယ်။
သိကျွမ်းကြတဲ့သူတွေနဲ့ ဆုံတွေ့ရဖို့ကလည်း ခက်ပါတယ်။ သူက တစ်မြို့နယ်၊ ကိုယ်က တစ်မြို့နယ်၊ ဟိုလူက တစ်ရပ်ကွက်။
ဒါပေမဲ့ အခုထက်စာရင်တော့ တော်သေးတယ်လို့ ဆိုနိုင်ပါသေးတယ်။ လမ်းဘေးက ဈေးသည်ကြီးနား ချဉ်းကပ်သွားပြီး “ဒီလိပ်စာကို ဘယ်လိုမျိုးသွားရပါသလဲခင်ဗျာ”လို့ မေးရင်း စကားစမြည်ပြောဆိုနိုင်တာမဟုတ်လား။
အခုဖြင့် ကျနော်ဟာ တိုင်းတစ်ပါးဆီကို ရောက်နေခဲ့ပြန်တယ်။ ခေတ်ကြီးက ပျက်သွားတဲ့အခါ ဘေးကင်းလုံခြုံရာဆီ ပြေးမိပြေးရာ ပြေးရင်း အခုနေတဲ့နေရာကို ရောက်လာခဲ့ရတာ။ ကျနော့် လိုပါပဲ၊ သန်းပေါင်းများစွာသော လူတွေလည်း ဒီလိုပါပဲ။
လွန်ခဲ့တဲ့နှစ်များစွာတုန်းက မြန်မာပြည်မြောက်ဘက်ပိုင်း တောင်တန်းတွေပေါ်ကနေ ကျနော် ရေဒီယိုနားထောင်နေခဲ့ပါတယ်။ ကဗျာဆရာကြီးတင်မိုး အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ကျနော် ကြားလိုက်ရပါတယ်။
ဆရာကြီးဟာ မကွယ်လွန်မီနှစ်တွေအတွင်း အိမ်လွမ်းစိတ်နဲ့ ထိုင်းနိုင်ငံကိုလာပြီး နယ်စပ်ကနေ မြန်မာပြည်ကို လှမ်းလှမ်းပြီး ငေးမျှော်ကြည့်နေခဲ့တယ်လို့လည်း ကျနော်မှတ်သားရဖူးတယ်။
လောကရဲ့ လမ်းများပေါ် လျှောက်သွားရင်းနဲ့
မောပန်းနွမ်းနယ်…
နှလုံးသားက လွတ်ဆွတ်လို့ တမ်းတမိခဲ့…။ ။
မိန်ရာသီရဲ့စန်း…
နက္ခတ်နဲ့ လိုက်လို့ညှိကာ အဖြေပြန်တွက်ပြီးတော့..
အမေအိုမျှော်မယ်မှန်း သိရက်နဲ့ ခရီးကြမ်းဖြတ်ကာ
ပြန်မလာနိုင်သေးခင်..။ ။
အိမ်အလွမ်းနဲ့ပတ်သက်တဲ့ တေးသံတချို့ ကျနော့် ခေါင်းထဲမှာ ပျံ့လွင့်လာပြန်ပါတယ်။
ကျနော်ထင်ပါတယ်။ ကျနော်တို့ အိမ်လွမ်းကြတယ်ဆိုက အိမ်ပြန်ချင်ရုံသက်သက်မဟုတ်ကြပါဘူး။ ကျနော်တို့နဲ့ ရင်းနှီးကျွမ်းဝင်ရှိတဲ့ ရပ်ဝန်းထဲကို ပြန်လည်ခိုလှုံ အနားယူချင်ကြတာပါ။
အခု ကျနော်ရောက်နေတဲ့ အရပ်ဒေသဟာ ရုပ်ပိုင်းအရ လုံခြုံတယ်လို့ ဆိုပေမဲ့ သူစိမ်းမြေ၊ သူစိမ်းတွေပါပဲ။ မြင်နေ၊ တွေ့နေပေမဲ့ စကားပြောဆိုလို့မရ၊ ပေါင်းသင်းလို့မရတဲ့ အခြေအနေဖြစ်ပါတယ်။
ကိုယ့်ကိုသိတဲ့သူ လက်တစ်ဖက်စာမရှိ၊ ကိုယ်ကသိတဲ့သူလည်း လက်တစ်ဖက်စာမပြည့်တဲ့ အရပ်ဒေသဟာ ကျနော်တို့ အမှန်တကယ် လုံခြုံပါရဲ့လား။
ပျော်ရွှင်နေကြပါရဲ့လား။
ရှိစု၊ မဲ့စု အဝေးရောက် အဖော်အပေါင်းတွေနဲ့ ချိန်းပြီး သွားဟယ်လာဟယ်၊ စားဟယ်သောက်ဟယ်နဲ့ ပျော်ပါးရွှင်မြူး လုပ်နိုင်ကြပေမဲ့ ဒါဟာ တကယ့်အဖြေဟုတ်ပါရဲ့လား။
ဒီမေးခွန်းတွေကိုဖြေနိုင်ဖို့ ကျနော့်မှာ ကျန်းဂန်အကိုးအကားတွေ ရှိမနေပါဘူး။
ဒါပေမဲ့ ခံစားမှုအရတော့ ရေးရေးမြင်မိပါတယ်။ ညဉ့်လယ်သန်းခေါင်းယံထဲ အိပ်မပျော်တဲ့ မျက်လုံးတွေဟာ ငယ်ဘဝတုန်းကရပ်ဝန်းကို ပြန်မြင်ယောင်နေမိရင် ဒါဟာ အဖြေကို ကျနော်တို့ ရှာတွေ့နေတာဖြစ်မှာပါပဲ။
‘ငါတို့ အိမ်ပြန်ကြရအောင်’ ဆိုတဲ့ ဝတ္ထုခေါင်းစဉ်ကို လှမ်းပြီး သတိရမိပြန်ပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကြီးပြီးသွားရင်ဆိုတဲ့ အတွေးကလည်း ကျနော့်ဆီကို ရောက်လာပြန်ပါတယ်။ စစ်ကြီးပြီးသွားရင် ကျနော်တို့ အရင်ဆုံးလုပ်ကြရမှာက တခြားဘာမှမဟုတ်ပါဘူး။
အိမ်ကို အစောဆုံးပြန်နိုင်ဖို့ ဖြစ်မှာပါပဲ။
ဆေးလိပ်မတို
နေမညိုခင်
ငါတို့ ဘာတွေလိုဦးမှာလဲ။
ငြိမ့်လွင့်