BREAKING
September 16, 2024

လောင်းလုံးတွင် စစ်ဘေးရှောင်လေးရာကျော် ရိက္ခာနှင့်ဆေးဝါးလိုအပ်

September 6, 2024

ပုံစာ - လောင်းလုံး စစ်ဘေးရှောင်များ

လောင်းလုံးမြို့နယ်၊ ပညစ်ရွာသို့ အရေးပေါ် လာရောက်ခိုလှုံလျက်ရှိသည့် စစ်ဘေးရှောင် ၄၄၀ အတွက် ဆန်အပါဝင် ရိက္ခာခြောက်နှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

လက်ရှိတွင် ပြည်သူအချို့၏ လှူဒါန်းကူညီမှုဖြင့် နေရာထိုင်ခင်း၊ စားဝတ်နေရေးကို ကူညီဖြေရှင်းပေးနေသော်လည်း ကာလကြာရှည် တိမ်းရှောင်နေရမည့်အခြေအနေရှိသောကြောင့် ရေရှည်အခက်အခဲဖြစ်လာနိုင်ကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် အမျိုးသမီးတစ်ဦးကပြောသည်။

“သက်ကြီးရွယ်အို၊ ဆယ်လကလေးကအစ ပါလာတယ်။ အခုက သူတို့ဒေသမှာ စစ်ကြောင်းက ရှိနေသေးတော့ အိမ်မပြန်နိုင်သေးဘူး” ဟု ၎င်းကပြောဆိုသည်။

ပညစ်ရွာတွင် အရေးပေါ်လာရောက်တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များမှာ မောင်းမကန်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့် ကျေးရွာများမှ ဒေသခံများဖြစ်သည်။

ဩဂုတ်လ ၁၇ ရက်နေ့တွင် မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာများကို စစ်ကြောင်းထိုး တပ်စွဲထားကြောင်း ဒေသခံများက ဆိုသည်။

“သူတို့က (စစ်ကြောင်း) က ရေရှည်နေဖို့ ပြင်နေတယ်။ ဘန်ကာတွေပါ ဆောက်ထားတယ်လို့ ဒီနေ့ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုအရေးပေါ် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်လေးရာကျော်မှာ ဘုန်းတော်ကြီးကျောင်းနှင့် ရွာခံများ၏ နေအိမ်များတွင် စုပေါင်းနေထိုင် နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိမ်းရှောင်နေရသည်မှာ ရက် ၂၀ နီးပါးအထိရှိလာပြီဖြစ်သည့်အတွက် ရေရှည်အတွက် ဆန်နှင့် ကုန်ခြောက် ပစ္စည်းများ အပါအဝင် ဆေးဝါးများ ပိုမိုလိုအပ်လာကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။