BREAKING
September 16, 2024

ထိုင်းတောင်ပိုင်းတွင် ၁၀ ဘီးကား ချောက်ထဲထိုးကျပြီး မြန်မာလုပ်သားသေဆုံး

September 6, 2024

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်တွင် သစ်တင်ဆောင်လာသည့် ၁၀ ဘီးကားတစ်စီး လမ်ဘေးချောက်ထဲ ထိုးကျ တိမ်းမှောက်ပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရော်ဘာသစ်တုံးများ သယ်ဆောင်လာသော ကားသည် ချိုင်ဘူရီဒေသ အဝင်တွင် အရှိန်မထိန်းနိုင်တော့ဘဲ အနက် ၇ မီတာခန့်ရှိသော လမ်းဘေးချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ကားပေါ်တွင် ထိုင်းနိုင်ငံသား ကားသမားတစ်ဦးနှင့် မြန်မာအလုပ်သမားတစ်ဦးတို့ လိုက်ပါလာကြပြီး ကားအရှေ့ပိုင်းတွင် ပိတ်မိနေကြကြောင်းသတင်းတွင် ဖော်ပြသည်။

ကားအရှေ့ပိုင်းသည် အောက်ဘက်သို့ ထိုးဆင်းနေပြီး ရော်ဘာသစ်လုံးများမှာလည်း ကားအရှေ့ပိုင်းသို့ လွင့်စင်ပြီး ဖိထားကြောင်း ဆိုသည်။

ကားသည် ချောက်နက်ထဲသို့ ကျနေသဖြင့် ကားပေါ်ပိတ်မိနေသူများကို ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များသုံး၍ အချိန်ခြောက်နာရီခန့်ကြာ ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရကြောင်း ဖော်ပြသည်။

ည ၈ နာရီခန့်တွင် ထိုင်းကားမောင်းသမားကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့ကြောင်း ရေးသားထားသည်။

ကားပေါ်လိုက်ပါလာသော အသက် ၃၀ အရွယ် ကိုမင်းမှာမူ ဒဏ်ရာများကြောင့် ယာဉ်တိမ်းမှောက်သောနေရာတွင် သေဆုံးသွားခဲ့သဖြင့် အလောင်းကို စစ်ဆေးရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကားမှောက်သည့် အကြောင်းအရင်းကို သိရှိနိုင်ရန် အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: Matichon Online, စူရတ်ဌာနီကယ်ဆယ်ရေးအဖွဲ့