မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် မူးယစ်ဆေးရောင်းသူများကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်က ထပ်မံဖမ်းဆီးလိုက်ကြောင်း ယင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ကော်ဇယာကျေးရွာအုပ်စု ကော့ကနင်းရွာနှင့် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာကျေးရွာတို့တွင် မူးယစ်ဆေးရောင်းဝယ် ဖောက်ကားနေသည့်သတင်းအရ ကျွန်းစုပြည်သူ့ကာကွယ်ရေးတပ်နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်တို့က ဩဂုတ်လ ၃၁ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ ကော့ကနင်းကျေးရွာနေ အမျိုးသားတစ်ဦးကို WY စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၀ ပြားနှင့် အတူ ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းနောက် ဘန္နနဲကျေးရွာအုပ်စု၊ မြိုင်သာရွာတွင် ထပ်မံဖမ်းဆီးခဲ့ရာ အမျိုးသားနှစ်ဦးနှင့်အတူ WY ဆေးပြား ၂၀ ပြားကိုလည်း ထပ်မံဖမ်းမိကြောင်း ဖော်ပြသည်။
အဆိုပါအမျိုးသားသုံးဦးကို ထိုက်သင့်သည့် အပြစ်ဒဏ်များပေးပြီး နောက်နောင်မူးယစ်ဆေး လုံးဝ (လုံးဝ) ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် ပြင်းထန်စွာသတိပေးခဲ့ကြောင်း ဆိုသည်။
လက်ရှိတွင် ၎င်းတို့သုံးဦးကို ထိတ်တုံးခတ်ထားဆဲဖြစ်ပြီး ခံဝန်ထိုးခိုင်းကာ မကြာမီ ပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖမ်းမိသည့် မူးယစ်ဆေးဝါးများကိုလည်း အဆိုပါအမျိုးသားသုံးဦးနှင့် ဖမ်းဆီးသူအားလုံးရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်တလုံးရွာတွင် မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတဦးတို့အား WY စိတ်ကြွဆေး (၁၇၀) ကျော်နှင့် အတူ ဖမ်းဆီးခဲ့သေးကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ဆက်လက်လည်း ဖမ်းဆီးသွားဦးမည်ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။
ကျွန်းစုမြို့၊ ကျေးရွာတစ်ရွာနေ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက “များများဖမ်းပေးမှ မိသားစု စားဝတ်နေရေး အဆင်ပြေမယ်။ အခုက ခရုကောက်၊ ဂျင်း (ဂုံး) ကောက် ဂဏန်းဖမ်း ရသမျှ အားလုံး ဆေးရှူရင်းပဲ ကုန်နေတယ်။ မိန်းမက စားလို့ (စားစရာ) မရှိရင် အရပ်ထဲပတ် ဆန်လိုက်ချေးပြီး ချက်စားနေရတာ မျက်နှာလည်းငယ်၊ စိတ်လည်း ဆင်းရဲလှပြီ” ဟု ပြောသည်။
ကျွန်းစုမြို့နယ်ရှိ ကျေးရွာများတွင် အာဏာသိမ်းကာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သုံးစွဲမှု များပြားကြောင်း ဒေသခံတို့ထံမှ သိရသည်။