ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကျေးရွာအချို့ပြောင်းရွှေ့နေကြကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သား အင်အားတစ်ရာဝန်းကျင်သည် မြေတင်ကား သုံးစီးဖြင့် ယနေ့ စက်တင်ဘာလ ၆ ရက် နံနက်၃ နာရီခန့်မှစ၍ ထားဝယ်ရေနက်ဆိပ်ကမ်းရဲစခန်းကို ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ကားတွေက ပြန်ထွက်သွားပြီ။ နည်းနည်းပဲပြန်ပါသွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ (ရွာတွေကို စစ်ကြောင်းထိုးမထိုး) အခြေအနေစောင့်ကြည့်နေရတယ်” ဟု ၎င်းကပြောဆိုသည်။
စစ်ကြောင်းရောက်ရှိလာသောကြောင့် ခမောင်းချောင်း ၊ ဧကနိ၊ ဝဇွမ်းတော စတဲ့ကျေးရွာအချို့က ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ ဧကနိရွာကတော့ ရွာထဲမှာ လူမနေရဲတော့ဘူး”ဟု ရွာသားတစ်ဦးကပြောသည်။
အခြား ကျေးရွာအချို့က ဒေသခံတို့မှာ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသေးဘဲ အခြေနေစောင့်ကြည့်နေကြသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၈ ရက်နေ့က တစ်ကြိမ် ဝင်ရောက်ခဲ့ပြီး ရက် ၃၀ အတွင်း ဒုတိယအကြိမ်မြောက် ဝင်ရောက်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်လ ဩဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် စီးပွားရေးရာကော်မတီ အစည်းဝေးတွင်အထူးစီးပွားရေးဇုန်များသည် နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်ကူပြုသဖြင့် တိုးတက်မှုရရှိရန် အမြန်ဆုံးဆောင်ရွက်ရမည်ဟု စစ်ကောင်စီဥက္ကဌကပြောသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။
ယင်းအစည်းအဝေးပြီး ၁၂ ရက်အကြာတွင် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်း ထပ်မံ ဝင်လာခြင်း ဖြစ်သည်။
“ကျွန်တော်တို့က အခြေအနေကိုစောင့်ကြည့်နေတုန်းပေါ့နော်။ ရိက္ခာလာပို့သလား အင်အားလာဖြည့်သလားဆိုတာတော့ သေချာမသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းသို့ဝင်လာသည့် စစ်ကြောင်းသည် ဩဂုတ်လ ၁၇ ရက်နေအထိ ကျေးရွာ ရှစ်ရွာနီးပါးကို စစ်ကြောင်းထိုးခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်နှင့် ထိတွေ့မှုအနည်းငယ်ရှိခဲ့ပြီး ဧကနိရွာနှင့် ဝဇွမ်းတောရွာတို့မှာ နေအိမ် ၁၄ ဆောင် မီးရှို့ခံရသည်။
ယင်းအပြင် ခမောင်းချောင်း၊ ဧကနိ၊ ဝါးဇွမ်း တော ရွာတို့တွင် အိမ်ခြေ တစ်ရာ နီးပါးဖောက်ထွင်းခံခဲ့ရပြီး ဒေသခံများ၏ ရွှေ၊ ငွေသားနှင့် တယ်လီဖုန်းတို့ကို ပါသွားကာ ဒေသခံ လေးဦး သေနတ်ထိမှန်ဒဏ်ရာရခဲ့သည်။