BREAKING
January 16, 2025

မြိတ်စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် အင်းမရွာရှိကုမ္ပဏီအဆောက်အအုံများကို တော်လှန်ရေးတပ်များ မီးရှို့

August 6, 2024

ပုံစာ - တိုင်းအတွင်းရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီ လုပ်ငန်းနေရာတစ်ခု (ပုံဟောင်း)

ပုလောနှင့် သရက်ချောင်းမြို့နယ်အစပ် အင်းမရွာရှိ မြိတ်စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် ကုမ္ပဏီအဆောက်အအုံ များကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ ဩဂုတ်လ ၆ ရက် နေ့လယ်ပိုင်းတွင် မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများနှင့် ကားသမားအချို့က ပြောသည်။

ဧကထောင်ချီရှိသည့် ဦးလှသန်းပိုင်သည့် ရော်ဘာခြံသည် မြိတ်-ထားဝယ်ကားလမ်း ပုလောမြို့နယ် ပလောက်မြို့ အင်းမရွာနှင့် သရက်ချောင်းမြို့နယ်အစပ်တွင်တည်ရှိသည်။

ကုမ္ပဏီဝန်းထဲက အလုပ်သမားများကို တော်လှန်ရေးတပ်ဖွဲ့က ထွက်သွားခိုင်းပြီးနောက် ကုမ္ပဏီအဆောက်အအုံနှင့် အလုပ်ရုံတို့ကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းကြောင့် ဆင်ထိုးကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ၅ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယနေ့ ဩဂုတ်လ ၆ ရက်တွင် အင်းမရွာက ဦးလှသန်းပိုင် ပြည့်ဖြိုးထွန်းကုမ္ပဏီ အဆောက်အအုံနှင့် ခြံဝန်းထဲက အလုပ်ရုံ၊ အလုပ်သမားတန်းလျားတို့ကို KNLAနှင့် ပူးပေါင်းတပ်ဖွဲ့က မီးရှို့ခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“(ဦးလှသန်းကုမ္ပဏီအဆောက်အအုံရှိတဲ့နေရာ) အဲ့ဒီဘက်က မီးခိုးတွေ အူတက်လာတာကို လယ်ကွင်းထဲကနေ လှမ်းမြင်ရတယ်” ဟု ဆင်ထိုးကြီးကျေးရွာအုပ်စုက စစ်ဘေးရှောင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်-မြိတ်သွားကားလမ်းဘေးရှိ ဦးလှသန်းပိုင် ကုမ္ပဏီအဆောက်အအုံနှင့် အလုပ်သမားတန်းလျား မီးလောင်နေသည်ကို လမ်းသွားလမ်းလာ ကားသမားများလည်း မြင်တွေ့ခဲ့ရကြောင်း ကားသမားတစ်ဦးက ဆိုသည်။

“ဒီနေ့ ကျွန်တော့်သူငယ်ချင်းတက်လာတော့ အဆောက်အအုံမီးလောင်နေတာကို တွေ့တယ်လို့ပြောတယ်။ ကျွန်တော့်ကို လမ်းအခြေအနေမကောင်းသေးလို့ မဆင်းလာသေးနဲ့ဦးလို့ လှမ်းပြောတယ်” ဟု အထက်ပါကားသမားက ပြောဆိုသည်။

ဆင်ထိုးကြီး၊ အင်းမ၊ ပလောက်မြို့တံတားလမ်းပိုင်း တစ်လျှောက်တွင် စစ်ရေးတင်းမာနေသဖြင့် ရာနှင့်ချီသည့်ကားများ နေ့စဉ်ပိတ်မိနေပြီး အချိန်အကန့်အသတ်ဖြင့်သာ ကားများကို ဖြတ်သန်းခွင့်ပြုနေကြောင်း ၎င်းက ပြောသည်။

“ပိတ်တာက စစ်တပ်က ပိတ်တာပါ။ ကျွန်တော်ကတော့ မနေ့ကမှ ပြန်တက်လာတာ။ လမ်းမှာတစ်နေကုန် ပိတ်မိနေတယ်။ မနက် ၉ နာရီလောက်ကနေ ပိတ်မိနေတာ ညနေ ၆ နာရီလောက်မှ ကားတွေကိုလွှတ်ပေးတယ်။ ပလောက်တပ်ရင်းက ဆင်ထိုးကြီးရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ကျွန်တော်တို့ရှိနေတဲ့ ထမင်းဆိုင်နဲ့ ပလောက်တပ်ရင်းနဲ့ မဝေးဘူးဆိုတော့ လှမ်းမြင်နေရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဆင်ထိုးကြီး၊ အင်းမ ထားဝယ်-မြိတ်ကားလမ်းတစ်လျှောက်တွင် တော်လှန်ရေးတပ်များ နေရာယူထားသလို ပလောက်မြို့ ဘက်တွင်လည်း စစ်ကောင်စီတပ်များ လမ်းတစ်လျှောက်က်နေရာယူထားကြောင်း အထက်ပါကားသမားက ဆက်လက်ပြောဆိုသည်။

မီးရှို့ခံရမှုများနှင့် ပတ်သက်ပြီး ကုမ္ပဏီတာဝန်ရှိသူ၊ KNLA နှင့် တော်လှန်ရေးပူးတပ်ဖွဲ့တို့က တာဝန်ရှိသူတို့ကို Dawei Watch က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရသေးပေ။

ဩဂုတ် ၁ရက်မှ ၅ရက်အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့သည်။