BREAKING
October 18, 2024

ကန့်ကွက်ခံရသည့်ဥပဒေအရဖွဲ့မည့် ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်တွင် တော်လှန်ရေးအဖွဲ့အားလုံးပါဝင်ရန် CRTH ဖိတ်ခေါ်

August 6, 2024

တနင်္သာရီဖယ်ဒရယ်ယူနစ် သို့မဟုတ် ပြည်နယ်ပေါ်ပေါက်ရေးအတွက် ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်တွင် တော်လှန်ရေးအဖွဲ့များအားလုံးပါဝင်ကြရန် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH) က ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။

CRTH အနေဖြင့် ကြားကာလအစီအမံရေးဆွဲရေးကော်မရှင်ဖွဲ့စည်းနိုင်ရေးအတွက် တိုင်း‌ဒေသကြီးလွှတ်တော် ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းပြီး တော်လှန်ရေးအစုအဖွဲ့အသီးသီးကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

နွေဦးတော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများပါဝင်သည့် စုပေါင်းဆွေးနွေးသဘောတူညီမှုဖြင့် အဆိုပါညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါညှိနှိုင်းရေးအဖွဲ့က သက်ဆိုင်ရာအင်အားစုများ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ၊ အကြံပြုချက်များ နှင့် ဆွေးနွေးမှုရလာဒ်များကို မှတ်တမ်းရယူခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း အင်အားစုအချို့က ပါဝင်လာခြင်း မရှိသေးဘဲ ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သို့ရာတွင် တော်လှန်ရေး နိုင်ငံရေးအစုအဖွဲ့မည်မျှကို တွေ့ဆုံဆွေးနွေးပြီး အဖွဲ့မည်မျှကျန်နေသေးသည်ကိုမူ ထုတ်ပြန်ချက် တွင် ဖော်ပြထားခြင်းမရှိပေ။

ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRTH) ဥက္ကဋ္ဌ ဦးကင်းရှိန်နှင့် အတွင်းရေးမှူး ဦးကြည်စိုးထံ Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၇ရက်ကကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တနင်္သာရီဖယ်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေ အတည်ပြုလိုက်ခြင်းကို တိုင်းအတွင်းရှိ နိုင်ငံရေးအစုအဖွဲ့များ၊ တော်လှန်ရေးအစုအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ကြသလို တိုင်းအတွင်းရှိ ကရင်တိုင်းရင်းသားအစုအဖွဲ့ အပါအဝင် အစုအဖွဲ့ပေါင်း နှစ်ဆယ်ကျော်ကလည်း ကန့်ကွက်ခဲ့ကြသည်။

ယင်းဥပဒေအတည်မပြုမီ နိုင်ငံရေးအစုအဖွဲ့များကို တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သဘောမတူကြောင်း ပြောဆိုကြသော်လည်း တိုင်းလွှတ်တော်ခေါ်ကာ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအစုအဖွဲ့အချို့က ပြောသည်။

ထို့အပြင်ယခုလုပ်ရပ်မှာ ပြည်သူလူထုလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ရိုးသားမှုမရှိသည့် လုပ်ရပ်အဖြစ် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ကြသည်။

ထိုဥပဒေအရ ကြားကာလအစီအမံရေးဆွဲရေးကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွက် တိုင်း‌ဒေသကြီးလွှတ်တော် ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းပြီး တော်လှန်ရေးအစုအဖွဲ့အသီးသီး တွေ့ဆုံဆွေးနွေးရမည်ဖြစ်သည်။

အဆိုပါညှိနှိုင်းရေးအဖွဲ့က နိုင်ငံရေးအင်အားစုများနှင့် ချိတ်ဆက်ကာ ကော်မရှင်တွင် ပါဝင်နိုင်ရေးညှိနှိုင်းဆွေးပြီး တိုင်းဒေသကြီးလွှတ်တော်ကို ရက်ပေါင်း ၆၀ အတွင်း အစီရင်ခံစာတင်သွင်းရမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ညှိနှိုင်းရေးအဖွဲ့၏ သက်တမ်းမှာ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းပြီးသည်နှင့် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း အထက်ပါဥပဒေတွင် ဖော်ပြထားသည်။

လက်ရှိCRTH ထုတ်ပြန်ချက်တွင် ညှိနှိုင်းရေးအဖွဲ့၏ သက်တမ်းကို ၃ ကြိမ်အထိတိုး၍ ဆွေးနွေးညှိနှိုင်းနေသည်ဟု ဆိုသည်။

ယင်းသို့ အစုအဖွဲ့အချို့က ပူးပေါင်းပါဝင်ခြင်းမရှိသည့်အတွက် သက်တမ်းတိုးနေရသည်ဟု ထုတ်ပြန်ခြင်းမှာ CRTHနှင့် မပူးပေါင်းသည့် တော်လှန်ရေးအင်အားစုများကို လူထုနှင့်ရန်တိုက်ပေးနေသည့် သဘောဖြစ်ကြောင်း ထားဝယ်ခရိုင် နိုင်ငံရေးဦးဆောင်အဖွဲ့ ဦးဆောင်ကော်မတီဝင် ကိုဝေယံစိုးက မှတ်ချက်ပြုသည်။

ယင်းအပြင် ညှိနှိုင်းရေးအဖွဲ့၏သက်တမ်းအား အကြိမ်ကြိမ်တိုးနေခြင်းကိုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။

“မေးခွန်းထုတ်စရာက ဘာလဲဆိုရင် အဲဒီသက်တမ်းတိုးပိုင်ခွင့်ကိုက ဘယ်သူကပေးလဲပေါ့နော်။ ဥပဒေကပဲ ပေးထား တာလား။ မဟုတ်ရင် တိုင်းဒေသကြီးလွှတ်တော်က ပေးတာလား။ ဒါတွေကိုလည်း ရှင်းမနေဘူး။ နားလှည့်ပါးရိုက်လုပ်ပြီး ထားတယ်ဆိုတဲ့ သဘောမျိုး သွားတွေ့ရတယ်” ဟု ကိုဝေယံစိုးက ဆိုသည်။

CRTH က တနင်္သာရီဖက်ဒရယ်ယူနစ်/ ပြည်နယ်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သလို တစ်ဖက်တွင်လည်း ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် တနင်္သာရီတိုင်းအနေဖြင့် အဖွဲ့ဝင်ပြည်နယ် သို့မဟုတ် ယူနစ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းအတွင်းရှိ အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်များပါဝင်သည့် မြို့နယ်နှင့် ခရိုင်အဆင့် နိုင်ငံရေးဦးဆောင်အဖွဲ့များကို ဖွဲ့စည်းထားကြသည်။

ပါသင့်ပါထိုက်သည့် အင်အားစုများ အားလုံးပါဝင်သည့် အတိုင်ပင်ခံကောင်စီကဲ့သို့ နိုင်ငံရေးဦးဆောင်မှုအဖွဲ့တစ်ရပ် ဦးစွာ ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ရန်စီစဉ်ကြခြင်းဖြစ်သည်။

တိုင်းအဆင့် စုဖွဲ့ပြီးမှသာ တနင်္သာရီ၏ ကြားကာလအစီအမံအဖြစ် နိုင်ငံရေး၊ စစ်ရေး အပါအဝင် ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေးကဏ္ဍများအား ဆောင်ရွက်မည့် ကြားကာလအစီအမံများ ချမှတ်သွားမည်ဟု မျှော်မှန်းထားကြသည်။

သို့ရာတွင် ခရိုင်အဆင့်နိုင်ငံရေး အစုအဖွဲ့များ၏ တိုင်းအဆင့်စုဖွဲ့ရေး လုပ်ဆောင်ချက်မှာလည်း အကောင်အထည် မဖော်နိုင်ဘဲ ရပ်တန့်နေသည်။