BREAKING
January 14, 2025

ထားဝယ် မောင်မယ်ရှောင်ရွာတွင် နေအိမ် ၁၆ဆောင် မီးရှို့ခံရ

August 6, 2024

ဓာတ်ပုံ - မောင်မယ်ရှောင်မြင်ကွင်းစုံ

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် ဇူလိုင်လ နောက်ဆုံးအပတ်ကစပြီး ယနေ့ ဩဂုတ်လ ၆ရက်အထိ နေအိမ် ၁၆ ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၅ ရက် နံနက်ပိုင်းက မောင်မယ်ရှောင်ရွာသို့ ရောက်လာသည့် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် နေအိမ် ၁၂ ဆောင်ကို မီးရှိုသွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“(မနေ့ကမီးရှိုခံရတာ) အရှေ့ပိုင်းက အိမ်တွေ အကုန်တစ်နေရာတည်း။ အရင်ကရှို့တာလည်း အဲဒီနေရာအနားမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်ကလည်း စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာတွင် နေအိမ်‌ လေးဆောင်နှင့် ဘိလိယက်ခုံ တစ်ခုံတို့ကို မီးရှို့ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်မတို့အိမ်လည်းပါတယ်။ ရွာသားတွေက ဘယ်သူမှဝင်မရတော့ သွားကြည့်မရသေးဘူး” ဟု နေအိမ်မီးရှို့ခံရသည့် ဒေသခံက ပြောသည်။

မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ပြီးခဲ့သည့် နှစ်ကစပြီး ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။

မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိသည့် မောင်မယ်ရှောင်ရွာအနီး ဝန်းကျင်များကို ဇဟာရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကလက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ခဲ့သလို စစ်ကြောင်းထိုးမှုများလည်း ခပ်စိပ်စိပ်လုပ်ဆောင်လာခဲ့သည်။

ထို့ကြောင့် ဒေသခံများမှာ ယခုနှစ် ဧပြီလကစပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

မောင်မယ်ရှောင်ကျေးရွာသည် ထားဝယ်ခရိုင်တွင် စစ်ဘေးကြောင့် ဒေသခံပြည်သူများ ရက်ရှည် တိမ်းရှောင်နေရသည့် ကျေးရွာလည်းဖြစ်သည်။

လူမှုအထောက်အကူပြုအဖွဲ့အစည်းအချို့ကလည်း မောင်မယ်ရှောင်ရွာက ရက်ရှည်စစ်ဘေးရှောင်များအား စားနပ်ရိပ်က္ခာအတွက် ဝိုင်းဝန်းကူညီပေးကြရန်လည်း နှိုးဆော်ထားသည်။