BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

July 6, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၆ ရက်အထိ

ရမခရှိတဲ့ လားရှိုးကို မြောက်ပိုင်းအဖွဲ့တွေဝိုင်းပြီး ထိုးစစ်ဆင်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA နဲ့ မဟာမိတ်တပ်တွေက ဝိုင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ကိုးကန့်တပ်ရဲ့ နယ်မြေကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်တယ်လို့ MNDAA က ထုတ်ပြန်ပြီး လေးရက်အကြာ ဇူလိုင်လ ၂ ရက်နေ့မှာ လားရှိုးမြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားတာပါ။ တအာင်းနယ်မြေမှာလည်း စစ်ကောင်စီက အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဇွန်လ ၂၅ ရက်ကနေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

တအာင်းနယ်မြေက တိုက်ပွဲကိုတော့ ၁၀၂၇ စစ်ဆင်ရေးအဆက်လို့ ကြေညာပေမယ့် လားရှိုးတိုက်ပွဲကိုတော့ အဲဒီလို ခေါင်းစဉ်တပ်တာမျိုး မတွေ့ရသေးပါဘူး။ ကိုးကန့်တပ်ကလည်း တိုက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်တာမျိုး မရှိပါဘူး။

လားရှိုးမြို့ပေါ်မှာ ရှော့တိုက်ဒုံးတွေ၊ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ အရပ်သားဆယ်နဲ့ချီ သေဆုံးတာကြောင့် မြို့ခံတွေဟာ ဇူလိုင်လ ၄ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်းနဲ့ မန္တလေးဘက်ကို တိမ်းရှောင်ကြပါတယ်။ တိုက်ပွဲကြောင့် လားရှိုး လေဆိပ်ကို ပိတ်ထားသလို ကားတွေလည်းပိတ်မိပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားပါတယ်။

ဇူလိုင်လ ၆ရက်နေ့မှာဆိုရင် မြို့ထဲမှာ တိုက်ပွဲတွေဖြစ်လာတယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။

ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးမိတ်မြို့နယ်တွေမှာ တအာင်းတပ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက် နေသလို မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး စတဲ့မြို့နယ်တွေမှာလည်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်၊ တအာင်းတပ်နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပါတယ်။ တိုက်ပွဲတွေအတွင်းမှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေလည်း မြင့်တက်နေသလို တိုက်ပွဲထဲ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။

……………………………………..

ကချင်နဲ့ စစ်ကိုင်းက မြို့နယ် ၁၀ကျော်မှာ ရေကြီးနေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၀ကျော်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေတာကြောင့် ပြည်သူတွေ ရေဘေးဒဏ်ကို ခံစားနေရပါတယ်။

မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကနေစတင် ရေကြီး နောက်တစ်ရက်မှာတော့ ဧရာတီမြစ်ရေ စိုးရိမ်ရေအမှတ်ရဲ့ ငါးပေကျော်ကို ရောက်ရှိလာလို့ တစ်မြို့လုံးရေကြီးခဲ့ပါတယ်။ ဗန်းမော်၊ ရွှေကူ၊ မိုးကောင်းမှာလည်း စိုးရိမ်ရေ အမှတ်ရဲ့ အထက်ရောက်ပြီး ရေကြီးနေပါတယ်။ ဒါ့အပြင် ချီဖွေ၊ ဝိုင်းမော်၊ ဖားကန့်၊တနိုင်းမြို့တွေမှာလည်း ရေဘေးဒဏ်ခံရပါတယ်။

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်သွားတာကြောင့် စစ်ကိုင်းတိုင်းထဲက ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ကသာ၊ မော်လိုက်မြို့တွေမှာ ရေဘေးဒဏ်ကို ခံနေရပါတယ်။ ဒါအပြင် ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့နယ်တွေဟာလည်း စိုးရိမ်ရေ အမှတ်ရဲ့ အနားကို ရောက်နေပြီး မန္တလေးတိုင်း သပိတ်ကျင်းမြို့ဟာလည်း စိုးရိမ်ရေအမှတ်ကို ရောက်နေတယ်လို့ မိုးဇလက ဇူလိုင်လ ၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မြို့နယ်တချို့မှာ ရေပြန်ကျသွားပြီဖြစ်ပေမယ့် ဇူလိုင်လ ၆ ရက်နေ့အထိ မြို့နယ်အများစုမှာ ရေကြီးနေဆဲဖြစ်ပါတယ်။ ရေဘေးကြောင့် ပြည်သူသောင်းနဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရပြီး စက်တပ်လှေ လိုအပ်ချက်ကြောင့် အရေးပေါ် ကယ်ထုတ်ဖို့ အခက်အခဲကြုံရသလို စားနပ်ရိက္ခာနဲ့ ဆေးဝါး၊ သောက်သုံးရေ အခက်အခဲတွေလည်း ကြုံတွေ့နေရပါတယ်။

……………………………………..

ပုဂ္ဂလိကဘဏ်ခုနစ်ခုနဲ့ ဗဟိုဘဏ်တာဝန်ရှိသူတချို့ကို စစ်ကောင်စီအရေးယူ

အိမ်ရာချေးငွေထုတ်ချေးရာမှာ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်ထုတ်ချေးတယ်ဆိုပြီး ပုဂ္ဂလိဘဏ်ခုနစ်ခုနှင့် စစ်ဆေးဖို့ ပျက်ကွက်တဲ့ ဗဟိုဘဏ်တာဝန်ရှိသူတချို့ကို ဖော်ထုတ်အရေးယူမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီ ဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ရဲ့ တာဝန်ရှိသူတွေကို အရေးယူ တာပါ။

ဒီဘဏ်တွေဟာ အကျိုးအမြတ်ပိုရဖို့အတွက် ဗဟိုဘဏ်ညွှန်ကြားချက်ကို ကျော်လွန်​ဖောက်ဖျက်ပြီး အိမ်ရာချေးငွေ များပြားစွာ ထုတ်ချေးနေကြတာ စစ်ကောင်စီက ဆိုပါတယ်။ ဒါကြောင့် ဒဏ်ကြေးပေးဆောင်စေမယ်လို့ ဇူလိုင်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကျပ်ငွေတန်ဖိုးထိုးကျပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ရွှေသမား၊ ဒေါ်လာသမားတွေကို ဖမ်းဆီးအရေးယူခဲ့သလို ဆန်စျေးတွေ မြင့်တက်ပြီးနောက်မှာ ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင်တွေ၊ စျေးဝယ်စင်တာ တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်လာပါတယ်။

ဘဏ်တွေကို အရေးယူမယ်ဆိုရင် အရင်ကတည်း အရေးယူလို့ ရပေမယ့် ရွှေ၊ ငွေ၊ ဆန်စျေးကွက် ကမောက်ကမဖြစ်နေတဲ့ အခုအချိန်မျိုးမှာမှ အရေးယူတဲ့အပေါ် မေးခွန်းထုတ်မှုတွေရှိနေသလို ဘဏ်တွေအပေါ် ယုံကြည်မှုလည်း ကျဆင်းသွား နိုင်တယ်လို့ ထောက်ပြမှုတွေရှိနေပါတယ်။

……………………………………..

ဆန်လုပ်ငန်းရှင်တွေနဲ့ နာမည်ကြီးစျေးဝယ်စင်တာ တာဝန်ရှိသူတွေကို စစ်ကောင်စီဖမ်းဆီး

ဆန်စျေးတွေကို အဆမတန် စျေးတင်ရောင်းတယ်ဆိုပြီး ဆန်ကုန်သည်တွေနဲ့ နာမည်ကြီးစျေးဝယ်စတင်တာတွေက တာဝန်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူထားပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတ်မှတ်စျေးထက် အဆမတန်စျေးတင်ရောင်းတယ်ဆိုပြီး စစ်ကောင်စီက နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ်တွေက ဆန်ဂိုဒေါင်၊ ဆန်စက်၊ ဆန်ဆိုင် တစ်ရာကျော်နဲ့ ဆန်ကုန်သည်တွေ၊ စျေးဝယ်စင်တာတွေ ကို စစ်ဆေးခဲ့ပါတယ်။

အဲဒီလိုစစ်ဆေးပြီး ဆန်လုပ်ငန်းရှင် ၅၈ ဦးကို အရေးယူခဲ့ပါတယ်။ ၅၁ဦးကိုတော့ ငွေဒဏ်ဆောင်ခိုင်းပြီး ကျန်လုပ်ငန်းရှင် ခုနစ်ဦးကတော့ သတ်မှတ်စျေးထက် ၇၀ ရာခိုင်နှုန်းအထိ စျေးတင်ရောင်းချတာကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စျေးဝယ်စင်တာနဲ့ စတိုင်းဆိုင် ၅၀ကျော်ကိုလည်း အရေးယူခဲ့ပြီး အဲဒီထဲက ၇၀ရာခိုင်နှုန်းအထိ စျေးတင်ရောင်းချ တယ်ဆိုပြီး နာမည်ကြီးစျေးဝယ်စင်တာတွေဖြစ်တဲ့ စီးတီးမတ်၊ စိန်ဂေဟာ အပါအဝင် စျေးဝယ်စတင်တာ လေးခုရဲ့ တာဝန်ရှိသူတွေကို ဖမ်းဆီးထားပါတယ်။ စစ်ကောင်စီဖမ်းဆီးထားရာမှာ ဂျပန်နိုင်ငံသားတစ်ဦးလည်း ပါဝင်နေပြီး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုနေပါတယ်။

စစ်ကောင်စီကတော့ ဖမ်းဆီးအရေးယူတဲ့ ရေတိုနည်းလမ်းနဲ့ စျေးကွက်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

……………………………………..

စစ်ကောင်စီဒုခေါင်းဆောင် တရုတ်ကိုသွား

စစ်ကောင်စီဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း တရုတ်နိုင်ငံသို့ ဇူလိုင်လ ၆ ရက်နေ့မှာ သွားရောက်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အမြင့်ဆုံးအဆင့်ပုဂ္ဂိုလ်အဖြစ် သွားရောက်တာဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ တရုတ်က ဘေဂျင်းကို ဖိတ်ကြားတာမျိုး မရှိသေးပါဘူး။ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း မတိုင်ခင် အမြင့်ဆုံးအဆင့်အဖြစ် သွားရောက်ခဲ့တာက ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းဟာ တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို တက်ရောက်ဖို့ သွားတာလို့ ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း သမ္မတဟောင်း ဦးသိန်းစိန်း တရုတ်သို့ သွားရောက်ခဲ့ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ ခရီးစဉ်တွေဟာ ရှမ်းမြောက်မှာ တစ်ကျော့ပြန် စစ်ရေးပြင်းထန်နေချိန်မှာ ခပ်စိပ်စိပ် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

……………………………………..

ရန်ကုန်မှာ ဝမ်းရောဂါကြောင့် သေဆုံးသူတွေရှိလာ

ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ယခုသီတင်းပတ်အတွင်း ဝမ်းရောဂါဖြစ်ပွားနေပြီး သေဆုံးသူ ငါးဦးအထိ ရှိလာပါတယ်။

ကာလဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပြီး လူသေဆုံးမှုတွေ ရှိလာတာကြောင့် အသုပ်၊ မုန့်ဟင်းခါး စတဲ့ အစားအသောက် ရောင်းတဲ့ လမ်းဘေးစျေးဆိုင်တွေကို ပိတ်ခိုင်းထားတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။ အပြင်မထွက်ကြဖို့ သတိပေးထားသလို ရေကို ကလိုရင်းတွေ ခပ်ဖို့လုပ်နေကြတယ်လို့လည်း ဆိုပါတယ်။

ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရပါတယ်။ သကေတအပြင် ဒေါပုံနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တွေမှာ ဝမ်းရောဂါတွေ ဖြစ်ပွားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

……………………………………..

မတူပီမြို့ကို ချင်းညီနောင်အဖွဲ့သိမ်းယူ

ချင်းပြည်နယ် မတူပီမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။

မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်ဟာမဟာမိတ်တပ်ခြောက်ဖွဲ့နဲ့ အာရက္ခတပ်တော် (AA)၊ Yaw Army၊ Yaw Defense Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ခြေမြန်တပ်ရင်း ခလရ ၃၀၄ ကို ဇွန်လ ၁၇ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။ ဒါ့အပြင် ချင်းတောင် ပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ စစ်ဗျူဟာနဲ့ ခလရ ၁၄၀ တပ်ရင်းကို ဇွန်လ ၂၉ ရက်နေ့မှာသိမ်းယူပြီး မြို့ကိုထိန်းချုပ်နိုင်ခဲ့တာပါ။

မတူပီမြို့သိမ်းတိုက်ပွဲမှာ လေယာဉ်ပစ်သေနတ်နှစ်လက် အပါအဝင် လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ချင်းညီနောင် မဟာမိတ်တွေက ထုတ်ပြန်ပါတယ်။

……………………………………..

ရခိုင်မှာ အနိုင်ရပါတီ ANP ပါတီမှတ်ပုံတင်လျှောက်ထားတာ ပယ်ချခံရ

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ နေရာအများစု အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားမှုကို စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။

နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက် သွယ်ဝိုက် အဆက်အသွယ်ရှိတာ၊ အားပေးကူညီတာ အပါအဝင် အချက်ငါးချက်ပါတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၇) ပါ ပြဋ္ဌာန်းချက်နဲ့ မညီလို့ ငြင်းပယ်တာလို့ ဆိုပါတယ်။

ANP ပါတီ တာဝန်ရှိသူတချို့ကတော့ ရခိုင်မှာ ANP ကို ယှဉ်ပြိုင်နိုင်မယ့် စစ်တပ်ကျောထောက်နောက်ခံ ပါတီ မရှိတာ၊ မြန်မာနိုင်ငံရေးအခင်းအကျင်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီဟာ အားမစိုက်တော့တာတွေကြောင့် အခုလို ပယ်လိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

……………………………………..