BREAKING
January 18, 2025

တနင်္သာရီ ရမ်းဖိုကျေးရွာတိုက်ပွဲတွင် ဗိုလ်ခရင်းတပ်ခေါင်းဆောင် သေဆုံး

July 6, 2024

ပုံစာ - ဗိုလ်ခရင်း

ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာအနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားပြီး ဗိုလ်ခရင်းတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ခရင်းသေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။

ဇူလိုင် ၄ရက် မွန်းလွဲ ၂နာရီခွဲခန့်က အင်အား ၈၀ နီးပါးပါသည့် စစ်ကောင်စီစစ်ကြောင်းကို ရမ်းဖိုရွာနှင့် ချောင်းညီကိုကျေးရွာတွင် တော်လှန်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ဇဝဲရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ၅၆၁ မှစစ်ကြောင်းဖြစ်ပြီး ဘန်းလမွတ်ရွာဘက်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်က ဆွဲမိုင်း ၄လုံးဖြင့်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် မိနစ် ၄၀ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးရဲဘော်က ဆိုသည်။

“သူတို့ဘက်က ထိခိုက်သေဆုံးမှု ဆယ်ဦးထက်မနည်းရှိတယ်လို့သိရတယ်။ သူတို့ဘက်က လေးဆယ်မမ လို လက်နက်ကြီး အမြောက်အများနဲ့ ပြန်ပစ်တာပေါ့” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးu ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီက ပစ်ခတ်သည့်လက်နက်ကြီးထိမှန်သဖြင့် တော်လှန်ရေးပူးပေါင်းတပ် ဗိုလ်ခရင်းတပ်ဖွဲ့က ဗိုလ်ခရင်းကိုယ်တိုင် သေဆုံးသွားပြီး ဗိုလ်ခရင်း တပ်ဖွဲ့က ရဲဘော်တစ်ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဗိုလ်ခရင်းတပ်ဖွဲ့မှာ တနင်္သာရီမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေသည့် Local PDF အဖွဲ့တစ်ခု ဖြစ်သည်။

တိုက်ပွဲကြောင့် ရမ်းဖိုရွာက ရွာသားအချို့ ထွက်ပြေးတိမ်းရှောင်ရပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဒေသခံများထံမှသိရသည်။