BREAKING
January 18, 2025

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

July 6, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ

အိန္ဒိယမှာ မိုးကြီးလို့ လေဆိပ်ခေါင်မိုးပြိုကျ

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ဇွန်လ ၂၉ ရက်နေ့က ဂန္ဒီနိုင်ငံတကာလေဆိပ်ရဲ့ခေါင်မိုး တစ်ပိုင်း ပြိုကျခဲ့ပါတယ်။

ခေါင်မိုးပြိုကျခဲ့လို့ လူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာပါ။

အိန္ဒိယရဲ့ အကြီးဆုံးလေဆိပ်ထဲက တစ်ခုဖြစ်တဲ့ နယူးဒေလီရဲ့ အဓိကလေဆိပ်ရှိရာနေရာမှာ ၂၄ နာရီထဲ မိုးရေချိန် ၉ လက်မလောက် ရွာသွန်းခဲ့ပါတယ်။

ဒီပမာဏဟာ နယူးဒေလီမြို့မှာ သတ်မှတ် မိုးရေပမာဏထက် ၃ ဆ ပိုများနေခဲ့ပါတယ်။

မိုးကြောင့် လေဆိပ်အမှတ် ၁ Terminal အကြီးအကျယ် ပျက်စီးခဲ့ရပြီးတော့ လေဆိပ်ခေါင်မိုးနဲ့အတူ ဘားတန်းတွေပါ ပြိုကျခဲ့တာ ဖြစ်ပါတယ်။

Ref: The New York Times

………………………………..

အိန္ဒိယစစ်သား ၅ ဦး စစ်ရေးလေ့ကျင့်မှုအတွင်း သေဆုံး

အိန္ဒိယရဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုမှာ ဇွန်လ ၂၉ ရက်နေ့က တင့်ကားတစ်စီး ရေနစ်မြုပ်ခဲ့လို့ အိန္ဒိယစစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ လာဒက်ဒေသမှာ စစ်တင့်ကားတစ်စီးက မြစ်ကိုဖြတ်ကူးနေတုန်း နစ်မြုပ်သွားခဲ့တာပါ။

မြစ်ရေ ရုတ်တရက်မြင့်တက်လာလို့ တင့်ကားနစ်မြုပ်ခဲ့ရတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

တိုင်းပြည်အတွက် စွမ်းဆောင်ပေးတဲ့ စစ်သည်တွေအတွက် ဝမ်းနည်းတယ်လို့ ကာကွယ်ရေးဝန်ကြီးက ဝမ်းနည်းကြောင်း ဆိုခဲ့ပါတယ်။

Ref: The Hindu

………………………………..

ဆွစ်ဇာလန်နဲ့ အီတလီမှာ ရေကြီး မြေပြိုမှုကြောင့် လူ ၄ ဦး သေဆုံး

ဆွစ်ဇာလန်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ အီတလီနိုင်ငံတို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုကျခဲ့လို့ လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

မုန်တိုင်းနဲ့အတူ မိုးသည်းထန်ရာကနေ မြစ်နဲ့ မြစ်လက်တက်တွေက ရေလှောင်ကန်တွေ ကျိုးပေါက်ခဲ့တာကြောင့် လူပေါင်းရာနဲ့ချီ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတာပါ။

အဲပက်တောင်တန်းက ဖွန်တားနားဒေသမှာ မြေပြိုမှုကြောင့် သေဆုံးသူ ၃ ဦးကို အရေးပေါ်ကယ်ဆယ်ရေးတွေက တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူတွေက အလည်အပတ်လာသူ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရာသီဥတု ဆိုးရွားခဲ့လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံခဲ့ရပြီး လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။

Ref: AP

………………………………..

ဖမ်းဆီးခံ ဂါဇာဆေးရုံဒါရိုက်တာကို အစ္စရေးပြန်လွှတ်ပေး

ဂါဇာက အကြီးဆုံးဆေးရုံ ရှီဖာရဲ့ ဒါရိုက်တာဖြစ်သူကို အစ္စရေးက ဇူလိုင်လ ၁ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

ဆေးကုသမှုခံယူဖို့ ဂါဇာကို ပြန်သွားခွင့်ပြုလိုက်တဲ့ အခြားပါလက်စတိုင်းတွေနဲ့အတူ သူ့ကိုပါ လွှတ်ပေးလိုက်တာပါ။

ရှီဖာဆေးရုံကို ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဝင်ရောက်စီးနင်းခဲ့တဲ့အချိန် ဒါရိုက်တာဖြစ်တဲ့ Mohammad Abu Selmeyah ကို အစ္စရေးက ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။

ဒီဆေးရုံကို ဟာမတ်စ်စစ်သွေးကြွတွေက ဌာနချုပ်အဖြစ် အသုံးပြုနေတယ်လို့ အစ္စရေးတို့က စွပ်စွဲပြီး စီးနင်းခဲ့တာ ဖြစ်ပါတယ်။

Ref: PBS

………………………………..

အိန္ဒိယဘာသာရေးပွဲတော်မှာ လူအုပ်ပြိုမှုကြောင့် သေဆုံးသူ ၁၂၀ ကျော်လာ

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်မှာ လူအုပ်ပြိုလို့ လူပေါင်း ၁၂၁ ဦးအထိ သေဆုံးခဲ့ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့က ကျင်းပတဲ့ ပွဲမှာ လူတွေ ကြိတ်ကြိတ်တိုးပြီး အချင်းချင်း တက်နင်းမိခဲ့ကြတာပါ။

ဒီပွဲကို လူ ၈ သောင်းလောက် ပါဝင်ခွင့်ပေးထားခဲ့ပြီး လူပေါင်း ၂ သိန်းခွဲလောက် တက်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

လူအုပ်ကြီး ရွက်ဖျင်တဲကနေ အထွက်မှာ လူတွေ လမ်းရဲ့တဖက်က မြောင်းထဲပြုတ်ကျသွားကြပြီး တခြားသူတွေ ထပ်ကျရာက လူပိ သေဆုံးကြတာဖြစ်ပါတယ်။

Ref: NDTV

………………………………..

ထိုမ်ဝမ်ငါးဖမ်းလှေနဲ့ သင်္ဘောသားတွေကို ပြန်လွှတ်ပေးဖို့ တရုတ်ကို တောင်းဆို

တရုတ်ကမ်းခြေစောင့်တပ်က ဖမ်းထားတဲ့ ထိုင်ဝမ်ငါးဖမ်းလှေနဲ့ သင်္ဘောသားတွေကို ပြန်လွှတ်ပေးဖို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်က ဇူလိုင်လ ၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့က တရုတ်ကမ်းခြေစောင့်တပ်က ထိုင်ဝမ်နိုင်ငံသား ၂ ယောက်နဲ့ ရွှေ့ပြောင်းအလုပ်သမား ၃ ယောက်ပါတဲ့ ထိုင်ဝမ် ငါးဖမ်းလှေပေါ် တက်ပြီး ဖမ်းဆီးခဲ့တာပါ။

တရုတ်ဘက်ကတော့ တရားမဝင်ငါးဖမ်းလို့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြည်မကြီးက ဆိပ်ကမ်းဆီ ဦးတည်မောင်းသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဖမ်းဆီးမှုကို နိုင်ငံရေးသဘောနဲ့ မကိုင်တွယ်ဘဲ အကြောင်းအရင်းကို အမြန်ဆုံးရှင်းပြပြီး လှေတွေနဲ့ ငါးဖမ်းသမားတွေကို ပြန်လွှတ်ပေးဖို့ ထိုင်ဝမ်ကမ်းခြေစောင့်တပ်က သတင်းစာရှင်းလင်းတောင်းဆိုခဲ့ပါတယ်။

Ref: BBC

………………………………..

အစ္စရေးနဲ့ လက်ဘနွမ်နယ်စပ်မှာ တိုက်ပွဲဖြစ်ပွား

အစ္စရေးတပ်တွေနဲ့ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့တို့ကြား ဇူလိုင်လ ၄ ရက်နေ့က အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။

အချင်းချင်း ပစ်ခတ်နေကြတာ လနဲ့ချီကြာလာလို့ ဂါဇာစစ်ပွဲကနေ ဒေသတွင်းပဋိပက္ခတွေ ပိုကျယ်ပြန့်လာမှာကို စိုးရိမ်နေကြတာပါ။

ဟက်ဇ်ဘိုလာတွေက အစ္စရေးအခြေစိုက်စခန်းတွေကို ဖောက်ခွဲရေးဒရုန်းတွေ အပါအဝင် ရော့ကက် အလုံး ၂၀၀ ကျော်နဲ့ပစ်ခတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

အစ္စရေးလက်ချက်နဲ့ သူတို့ရဲ့တပ်မှူးတစ်ဦး အသတ်ခံရတာကို တုံ့ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အစ္စရေးဘက်ကလည်း လေကြောင်းကနေ ပြန်လှန်တိုက်ခိုက်ခဲ့သလို လက်ဘနွန်ထဲကနေ တိုက်ခိုက်လာတဲ့ ပစ်ခတ်မှု အတော်များများကိုလည်း ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

Ref: BBC

………………………………..

အမေရိကန်မှာ လွတ်လပ်ရေးနေ့ ကျင်းပ

၂၀၂၄ ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို တစ်နိုင်ငံလုံး ဆင်နွှဲခဲ့ကြပါတယ်။

ဒီလွတ်လပ်ရေးနေ့ဟာ အမေရိကန်နိုင်ငံရဲ့ ၂၄၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့ပါ။

အမေရိကန်နိုင်ငံဟာ ၁၇၇၆ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်လွတ်လပ်ရေးနေ့ရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ မဲပေးခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိမှုကို ဂုဏ်ပြုတဲ့အနေနဲ့ စီတန်းလှည့်လည်ပွဲတွေ၊ အခမ်းအနားတွေ ကျင်းပဆင်နွှဲကြခဲ့ကြပါတယ်။

ဇူလိုင် ၄ ရက်မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပွဲတော်ကျင်းပရုံတင်မကဘဲ အမေရိကန်နိုင်ငံသားခံယူပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။

Ref: REUTERS

………………………………..

ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ အတိုက်အခံ လေဘာပါတီ အနိုင်ရ

ဗြိတိန်မှာ ပါလီမန်ရွေးကောက်ပွဲကို အတိုက်အခံပါတီဖြစ်တဲ့ Labor ပါတီက အနိုင်ရရှိသွားပြီဖြစ်ပါတယ်။

ဒါကြောင့် ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ်တွေဦးဆောင်တဲ့ ဗြိတိန်အစိုးရသက်တမ်း အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။

အတိုက်အခံပါတီအနိုင်ရရှိခဲ့လို့ လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။

လက်ရှိဝန်ကြီးချုပ် Rishi Sunak ရဲ့ Conservatives ပါတီကတော့ သမိုင်းမှာ မှတ်တမ်းဝင် ရှုံးနိမ့်သွားခဲ့ပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်သွားပြီးနောက် Rishi Sunak က ပါတီခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

မဲပေးမှုအရ ဗြိတိန်ပါလီမန်နေရာ ၆၅၀ မှာ လေဘာပါတီက ၄၁၀ ကျော် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာမည့် လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်က အကြီးမားဆုံး ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: CNBC

………………………………..

တရုတ်လျှပ်စစ်ကားတွေ တင်သွင်းဖို့ အီးယူအခွန်တိုးမြှင့်

တရုတ်ရဲ့လျှပ်စစ်ကားတင်ပို့မှုအတွက် အခွန်ကို ၃၈ ရာခိုင်နှုန်း ယာယီတိုးမြှင့်ကောက်ခံမှာဖြစ်တယ်လို့ အီးယူဥရောပသမဂ္ဂက ဇူလိုင်လ ၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဒီတိုးမြင့်မှုကြောင့် အီးယူနဲ့တရုတ်ကြား လက်ရှိတင်းမာမှုတွေ ပိုတိုးမယ့် အခြေအနေ ဖြစ်နေတာပါ။

တရုတ် EV ကားကုမ္ပဏီတွေက ဥရောပ ကုမ္ပဏီတွေကို တရားမျှတမှုမရှိဘဲ ဈေးပြိုင်လျှော့ရောင်းခဲ့လို့ဆိုပြီး အီးယူဘက်က ဆိုထားပါတယ်။

တရုတ်ကလည်း အီးယူကတင်ပို့မှုကို လက်ရှိထက် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံမယ်လို့ တုံ့ပြန်ထားပါတယ်။

Ref: REUTERS

………………………………..