ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၁၂ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦးကို မွေးစားဖခင်ဖြစ်သူက ရိုက်သတ်ပြီးနောက် အလောင်းကို အအေးပုံးထဲထည့်၍ ဘိလပ်မြေလောင်းကာ ဖျောက်ဖျက်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
မှာယူသူများကို ပေးပို့မည့် ဖြည့်စွက်အစားအစာများကို ခိုးယူခဲ့သည်ဟုဆိုကာ မွေးစားဖခင်က မိန်းကလေးငယ်ကို ဘေ့စ်ဘောရိုက်တံဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ဘန်ကောက်မြို့ ဘန်ခန်းဒေသရှိ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မိန်းကလေးငယ်၏ အလောင်းကို ပလတ်စတစ် အအေးပုံးထဲထည့်ပြီးနောက် ဘိလပ်မြေလောင်းပြီး မြေဆွေးဖြင့် ထပ်ဖုံးထားကာ အလောင်းကို ဖျောက်ဖျက်ထားခဲ့ကြောင်း ဖော်ပြထားသည်။
မွေးစားဖခင်က အလောင်းကို အပိုင်းပိုင်းခုတ်ထစ်ချင်သော်လည်း မလုပ်ရဲနေခဲ့ကြောင်း ဝန်ခံထားသည်ဟုဆိုသည်။
ထို့ကြောင့် အလောင်းထည့်ရန် ပလတ်စတစ် အအေးပုံးကြီးဝယ်ခဲ့ပြီး အပေါ်က ဘိလပ်မြေလောင်းခဲ့ကာ ကျန်နေရာများကို မြေဆွေးဖြင့် ဖုံးထားခဲ့ကြောင်း ဝန်ခံထားသည်။
မိန်းကလေးငယ်ကို မရိုက်သတ်မီတွင် မွေးစားဖခင်ဖြစ်သူသည် မူးယစ်ဆေးသုံးစွဲထားခဲ့ပြီး ရိုက်နေသည့်အချိန်တွင်လည်း မိန်းကလေးငယ် သေဆုံးခြင်း ရှိမရှိကို မသိခဲ့ဟုလည်း ဝန်ခံထားသည်။
ယင်းအချိန်တွင် မွေးစားမိခင်လည်းရှိနေခဲ့ပြီး အမှုတွင် ပါဝင်ကျူးလွန်ထားကြောင်း ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို ဖော်ထုတ်ပြသခဲ့သည်။
သူမသည် အမျိုးသားဖြစ်သူက ကလေးကို မသေမချင်း ရိုက်သတ်နေသည့်အချိန်တွင် မတုန်မလှုပ်ဘဲ ရှိနေခဲ့ပြီး အလောင်းဖျောက်ဖျက်ရာတွင်လည်း ကူညီပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
အလောင်းထည့်ထားသော အအေးပုံးကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၄ ရက်နေ့တွင် ၎င်းတို့ နှစ်ထပ်အိမ်၌ ရှာဖွေတွေ့ရှိခဲ့သည်။
အလောင်းတွင် မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအများအပြားကို တွေ့ရှိခဲ့ရပြီး လွန်ခဲ့သော ၄၈ နာရီခန့်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းဆေးဆရာဝန်များက ကနဦး ယူဆခဲ့သည်။
မိန်းကလေးငယ်ကို အသက် ၇ နှစ်အရွယ်ကတည်းက ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးက မွေးစားခဲ့ပြီး မိန်းကလေးငယ်က ၎င်းတို့ကို ဦးလေး၊ အန်တီဟု ခေါ်ဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ကလေးငယ်၏ မိခင်ဖြစ်သူအား ကလေးကို ပညာသင်ပေးမည်ဟုဆိုကာ ခေါ်ယူမွေးစားခဲ့သော်လည်း တရားဝင် မွေးစားခြင်းမျိုး မဟုတ်ခဲ့ကြောင်း ဆိုသည်။
ကလေးသည် ကျောင်းတက်ရန် ငြင်းဆန်ခဲ့ပြီး မကြာခဏ ပစ္စည်းများကို ခိုးယူလေ့ရှိကာ ဆုံးမသော်လည်း မရဟု မွေးစားမိခင်၏ ယခင်ကပြောဆိုဖူးကြောင်း ၎င်း၏ ညီမဖြစ်သူက သတင်းဌာနများကို ဖြေကြားထားသည်။
ကလေးမိခင်အရင်းဖြစ်သူကလည်း မွေးစားမိဘများနှင့် ကလေးကို နေခွင့်ပြုထားခဲ့ပြီး ယခုဖြစ်ရပ်တွင် ကလေးကို မကာကွယ်ပေးနိုင်သည့်အတွက် နောင်တရမိကြောင်း သတင်းဌာနများသို့ ပြောဆိုထားသည်။
သမီးဖြစ်သူ အသတ်ခံရမှုအတွက် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
မွေးစားဖခင်ဖြစ်သူကို ဇူလိုင်လ ၄ ရက်နေ့တွင်ပင် ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။
၎င်းကို ဘန်းခန်းရဲစခန်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ကလေးငယ်ကို ရိုက်သတ်မိခဲ့ကြောင်း ဝန်ခံခဲ့သည်။
မွေးစားမိခင်ဖြစ်သူကိုလည်း အမှုတွင် ပါဝင်ခဲ့မှုအတွက် ယနေ့ နံနက်ပိုင်းတွင် ရဲစခန်းသို့ ဆင့်ခေါ်ခဲ့ပြီးနောက် သူမကိုယ်တိုင် အမှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း ဖော်ပြထားသည်။
Ref: Khoasod English, Thai PBS, The Thaiger