ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် မြန်မာလင်မယားနှစ်ဦးသည် အော်ဟစ်ရန်ဖြစ်ခဲ့ပြီးနောက် အမျိုးသားဖြစ်သူက ကလေးငယ်ကို “ငါ့ကလေးမဟုတ်ဘူး” ဟုဆိုကာ စတိုးဆိုင်ပိုင်ရှင်တစ်ဦးထံသို့ ထားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင် အသက် ၃၀ အရွယ် မြန်မာလင်မယားနှစ်ဦးသည် စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသရှိ စတိုးဆိုင်အနီး ငှားထားသော တိုက်ခန်းမှ ဆင်းလာကာ အော်ဟစ်ကာ စကားများ ရန်ဖြစ်နေခဲ့ကြောင်း ဖော်ပြထားသည်။
ရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူသည် လမ်းကြားထဲမှတစ်ဆင့် ထွက်သွားခဲ့ကြောင်း ဖော်ပြထားသည်။
ကျန်ရစ်သောအမျိုးသားဖြစ်သူက စတိုးဆိုင်ပိုင်ရှင်ထံလာ၍ ငါ့ဇနီးကို ပြန်လိုချင်သည်ဟုဆိုကာ ၎င်း၏ဇနီးကို ဖွက်ပေးထားသည်အထင်ဖြင့် နားလည်မှုလွဲစွာ ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းနောက် အမျိုးသားသည် တိုက်ခန်းသို့ ပြန်တက်သွားကာ ကလေးငယ်ကို ချီလာခဲ့ပြီး “ဒါ ငါ့ကလေးမဟုတ်ဘူး” ဟုဆိုကာ စတိုးဆိုင်ပိုင်ရှင်လက်ထဲသို့ ထည့်၍ တိုက်ခန်းပေါ်ပြန်တက်သွားခဲ့ကြောင်း ဖော်ပြထားသည်။
စတိုးဆိုင်ပိုင်ရှင်ဖြစ်သူမှာ ကလေးကို ကြည့်၍ နားမလည်နိုင်စွာဖြစ်နေခဲ့ပြီး ကလေးငယ်လုံခြုံရေးအတွက် ရဲစခန်းသို့ အကြောင်းကြားကာ အကူညီတောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။

ကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့များ ရောက်ရှိလာသောအခါ ကလေးငယ်ကို ထိုင်းအမျိုးသမီးတစ်ဦး ချီထား၍ နှို့မုန့်ဖျော်တိုက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။
ကလေးငယ်ကို ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ကနဦး ပြုစုရန်နှင့် ကျန်းမာရေးစစ်ဆေးရန် ဘန်ဖလီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကလေးငယ်လုံခြုံရေးအစီအစဉ်အတွက် စမွတ်ပရကန် ကလေးငယ်စောင့်ရှောက်ရေးဂေဟာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အမျိုးသားဖြစ်သူကို ရဲတပ်ဖွဲ့က စစ်ဆေးသောအခါ အရက်မူးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့ကို ဥပဒေအရ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: Amarin TV, Siamrath, 77 Khaosod