စစ်ကောင်စီက ဝင်ထွက်ခွင့် ပိတ်ထားသည့် ကလိန်အောင်-ကံပေါက်လမ်း ပြန်လည်သွားလာခွင့်ရနေပြီဖြစ်ကြောင်း ထိုးလမ်းပိုင်းအားဖြတ်သန်းသွားလာခဲ့သည့် ခရီးသည်အချို့ကပြောသည်။
ဇူလိုင်လ ၅ ရက် မနက်ပိုင်း ကစပြီး ပြန်လည်သွားလာခွင့်ရနေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“ ကုန်တင်ကားနဲ့ ပိတ်မိနေတဲ့ကားတွေကို စပြီး ပေးဖြတ်တယ်။ မနက်ပိုင်းကတော့ အားလုံးသွားလာနေကြပြီ” ဟု ကံပေါက်ဒေသခံ ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
ကံပေါက်-ထားဝယ် ခရီးသည်ယာဥ်လိုင်းများလည်း ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကလိန်အောင်-ကံပေါက်လမ်းတွင် စစ်ကောင်စီတပ်က နေရာယူစစ်ဆေးနေခြင်း မရှိသော်လည်း အရပ်ဝတ်ဖြင့် ကင်းလှည့်နေသူအချို့ရှိနေဆဲဖြစ်ကြောင်း ခရီးသည်တို့ကဆိုသည်။
ကံပေါက်-ကလိန်အောင်လမ်းပိုင်းကို မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့် သတင်းထွက်ပေါ်ပြီးနောက် ဇူလိုင်လ ၃ ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အဝင်အထွက်လုံးဝ ကန့်သတ်ခဲ့ခြင်းဖြစ်သည်။
ယင်းလမ်းပိုင်းသည် ပြည်ထောင်စုကားလမ်းမမှ ကံပေါက်ဒေသသို့ ဆက်သွယ်ထားပြီး ၉ မိုင် ၆ ဖာလုံ အကွာအဝေးရှိသည်။