လှိုင်းကြီးနိုင်ကြောင်း ကြေညာထားသော်လည်း တနင်္သာရီတိုင်း မောင်းမကန်ကမ်းခြေတွင် ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေးဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်ကို ယနေ့မနက်ပိုင်းက မြင်တွေ့ရစဉ်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသဖြင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေအထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။
ယင်းအပြင် မြန်မာနိုင်ငံတောင်ဘက်ပိုင်း Andaman ကျွန်းအနီး ရန်ကုန်မြို့မှတောင်ဘက် ၄၃၀ မိုင်ကျော်အကွာ ပင်လယ်ကြမ်းပြင်အောက်တွင် ယနေ့နေ့လယ် ၂ နာရီ ၃၄ မိနစ်ခန့်က မြေငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီရေလှိုင်းအန္တရာယ်မရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။






