BREAKING
April 8, 2025

ဂါလာတာစာရေးနည်းပြ၏ နှာခေါင်းကို တွန်းခဲ့သည့် မော်ရင်ညိုအား သုံးပွဲပယ်ပြစ်ဒဏ်ချ

April 6, 2025

ဖီနာဘာချီနည်းပြ မော်ရင်ညိုသည် ဂါလာတာစာရေးနည်းပြ အိုကန် ဘူရတ်ခ်၏နှာခေါင်းကို တွန်းထိုးခဲ့သည့်အတွက် သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရကြောင်း New 18 က ဖော်ပြထားသည်။

မော်ရင်ညိုသည် ယင်းပြစ်မှုကို ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့သော တူရကီဖလားပြိုင်ပွဲ၏ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲစဉ်၌ ဂါလာတာစာရေးက ဖီနာဘာချီကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

ဖီနာဘာချီနှင့် ဂါလာတာစာရေးတို့ ထိပ်တိုက်တွေ့ခဲ့သည့် တူရကီဖလားကွာတားဖိုင်နယ်ပွဲစဉ်သည် ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ဂါလာတာစာရေးကစားသမား နှစ်ဦး၊ ဖီနာဘာချီကစားသမား တစ်ဦး ထုတ်ပယ်ခံခဲ့ရသည်။

ပွဲပြီးဆုံးချိန်တွင် နှစ်ဖက်အသင်းနည်းပြများက ဘောလုံးကွင်းအတွင်းသို့ဝင်ရောက်ကာ ဒိုင်လူကြီးများကို စောဒကတက်ခဲ့ကြပြီး ယင်းအချိန်၌ မော်ရင်ညိုက ပြိုင်ဘက်နည်းပြကို တွန်းထိုးလိုက်ခြင်းဖြစ်သည်။

တူရကီဘောလုံးအဖွဲ့ချုပ်သည် ယင်းဖြစ်စဉ်ကို စစ်ဆေးအပြီးတွင် မော်ရင်ညိုက မလျော်ကန်သောအပြုအမူကို လုပ်ဆောင်သည်ဟု ဆုံးဖြတ်ကာ သုံးပွဲပယ်ပြစ်ဒဏ်နှင့်အတူ ဒဏ်ငွေ ပေါင်ခြောက်ထောင် ပေးဆောင်စေရန် အမိန့်ချမှတ်လိုက်သည်။

Source – News 18