မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၅ ရက် ညနေ ၆ နာရီခန့်က ဝဲကလိအခြေစိုက် စစ်ကောင်စီတပ်က ကလိန်ပဒေါကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ပြောသည်။
လက်နက်ကြီးကျည် နေအိမ်ခြံဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည့်အပြင် နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။
“လက်နက်ကြီးတစ်လုံးက ခြံထဲကျသွားတာ၊ အဲဒီမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ နှစ်ဦးထိသွားတယ်။ အိမ်လည်း မီးလောင်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဒဏ်ရာရသည့်ဒေသခံနှစ်ဦးသည် နီးစပ်ရာဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ဆိုသည်။
ငလျင်ဘေးဒဏ်ကြောင့် စစ်ကောင်စီက ရက် ၂၀ ကြာ အပစ်ရပ်ကြေညာထားသော်လည်း မွန်ပြည်နယ် အပါအဝင် ဒေသအချို့တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို ဆက်လက် လုပ်ဆောင်နေသည်။
မွန်ပြည်နယ်အတွင်း ယခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်း ပိုမိုပြုလုပ်လာပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း တိုးလာသည်။
စာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးများနှင့် ပြည်သူပိုင်နေအိမ်များကို ပစ်မှတ်ထားကာ စစ်ကောင်စီတပ်က လက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း လုပ်ဆောင်နေကြောင်း သည်ဟု တော်လှန်ရေးအဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။