ကျွန်းစုမြို့နယ်အတွင်းရှိ မြစ်ချောင်းအချို့ကို ညဘက်သွားလာအသုံးပြုခြင်း မလုပ်ရန် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဧပြီလ ၅ရက်တွင် ထုတ်ပြန်ကန့်သတ်လိုက်သည်။
ဘဒ္ဒနဲကျေးရွာအုပ်စုရှိ သံပြာ-ဘန္နဲမြစ်ကြောင်း၊ ရှော်တော်မော်-မန်းကြီးမြစ်ကြောင်းနှင့် ဝန်တောင်-ရှမ်ပုံ မြစ်ကြောင်း များကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ပြည်သူများသွားလာ အသုံးပြုခြင်းမလုပ်ရန် အသိပေးချက် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က အဆိုပါကျေးရွာအုပ်စုအတွင်းရှိ မြစ်ချောင်းများကို အသုံးပြုကာ အင်အားတိုးချဲ့ စစ်ကြောင်းထိုးခြင်းနှင့် မြစ်ချောင်းများအတွင်း စစ်ရေးလှုပ်ရှားမှုများ ရှိနေသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် ခရီးသွားလာခြင်းကို ခြိမ်းခြောက်နေ ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့ကြောင့် အဆိုပါမြစ်ချောင်းများအတွင်း ညဘက်ခရီးသွားအသုံးပြုခြင်းကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေလို့ ပြည်သူတွေကို ဖမ်းဆီးတာမျိုး၊ ပစ်ခတ်တာမျိုး ဖြစ်မှာစိုးလို့ ထုတ်ပြန်ရတာပါ” ဟု ကျွန်းစုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒေသခံများမှာ အဆိုပါ မြစ်ချောင်းများကိုအမှီပြုကာ ဝမ်းစာရေးအတွက် ရုန်းကန်ဖြေရှင်းနေသဖြင့် အခက်အခဲအချို့ ကြုံလာရမည်ဖြစ်ကြောင်း ဘန္နနဲကျေးရွာအုပ်စုနေ အမျိုးသားတစ်ဦးက ဆိုသည်။
“ဒီအနီးအနား မြစ်၊ ချောင်း တစ်ဝိုက်မှာ ဂွေးထိုး ကဏန်းခုတ် (ထောင်ချောက်) ထောင် လုပ်နေတဲ့ တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲသားတွေအတွက်တော့ အခက်အခဲ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ကိုယ်တွေလုံခြုံရေးအတွက် ထုတ်ပြန်သတိပေးတာ ဆိုတော့ လူ့ အသက်ထက် ဘာအရာမှ အရေးမကြီးဘူးဆိုတဲ့ သဘောနဲ့ လိုက်နာရမှာပေါ့ဗျာ” ဟု ၎င်းက ပြောဆိုသည်။
ကျွန်းစုမြို့နယ် ပကဖ ကမူ လက်ရှိအသိပေးချက်ထုတ်ပြန်သည့်နေ့မှစတင်ကာ နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်ထိ ညဘက်ဖြတ်သန်းသွားလာခြင်း မလုပ်ရန် အသိပေးထားသည်။
ထို့အပြင် သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ဖြစ်လာမည့်ပြဿနာကို ကျွန်းစု ပကဖ က တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တော်လှန်ရေးတပ်များနှင့် ပင်လယ်ပြင်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်သည့် မတ်လ ၁၃ ရက်မှစကာ စစ်ကောင်စီ စစ်သင်္ဘောကြီးများ ကဘဒ္ဒနဲကျေးရွာအုပ်စုရှိ မြစ်ချောင်းတစ်လျှောက်တွင် အမြဲတမ်းသွားလာကာ စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၂၆ ရက်ကလည်း ဝန်တောင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။