BREAKING
April 7, 2025

တနင်္သာရီ ချောင်းနောက်ပြန်ရွာကို လေယာဥ်ဖြင့်နှစ်ရက်ဆက်ဗုံးကြဲ

April 6, 2025

ပုံစာ - ချောင်းနောက်ပြန်ရွာ

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း သိန်ခွန်းကျေးရွာအနီးရှိ ချောင်းနောက်ပြန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ဧပြီလ ၅ရက် မွန်းလွဲ ၁နာန့်ရီတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က ချောင်းနောက်ပြန်ရွာကို စစ်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“နေ့လယ်လောက်မှ တိုက်ပွဲစဖြစ်တာ။ တိုက်ပွဲဖြစ်ပြီး ဘယ်လောက်မှ မကြာဘူး၊ လေယာဥ်နဲ့ လာကြဲတာပဲ။ ထိခိုက်တာတော့ မရှိဘူး”ဟု အထက်ပါရဲဘော်က ပြောဆိုသည်။

ဧပြီ ၄ရက်ကလည်း ချောင်းနောက်ပြန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးတစ်ကြိမ်ကြဲချသည့်အပြင် ပွိုင့်ဖိုက် (စက်သေနတ်) ဖြင့်လည်း ပစ်ခတ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရခဲ့သည်။

သိန်ခွန်းကျေးရွားအနီးရှိ ရွာများကို စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာရာမှ တိုက်ပွဲများ ပြင်းထန်နေသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ရန် တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက တိုက်တွန်းသည်။

“အခုရက်ပိုင်း စစ်ကောင်စီဘက်က လေကြောင်းလည်း ပြန်လည်အသုံးပြုလာနေတယ်။ ပြည်သူတွေ စစ်ဖြစ်ပွားနေတဲ့ နေရာအနီးဝန်းကျင်ကို အတတ်နိုင်ဆုံး ရှောင်ကြပါ” ဟု ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးလာသဖြင့် သိန်ခွန်းကျေးရွာနှင့် အနီးအနားကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမှု လေးလနီးပါးကြာမြင့်လာပြီဖြစ်သည်။